News

ငြိမ်းချမ်းရေး၏ အနာဂတ် ခရောင်းလမ်း
နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပြဿနာကို ဖြေရှင်းရန်အတွက် ကျင်းပသော UPC (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် NLD အစိုးရအတွက် အခက်အခဲများကို ဖြစ်ပေါ်စေခဲ့ပါသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီချက် “နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်”အရ UPC ကို ခြောက်လ တစ်ကြိမ် ကျင်းပရန် ဖြစ်ပါသည်။ UPC တွင် ကိုယ်စားလှယ် ၇၀ဝ  ပါဝင်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မည့် နည်းလမ်းများ၊ အချက်များကို ဆွေးနွေးရန် ဖြစ်ပါသည်။

NLD အစိုးရလက်အောက်တွင် UPC ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ် လတွင် ကျင်းပခဲ့သည်။ အကျယ်အပြန့် သဘောဆောင်ပြီး ပါဝင်မှုလည်း ကောင်းခဲ့ပါသည်။ သို့သော် တိကျသောအဖြေ မထွက်ခဲ့ပါ။

ဒုတိယအကြိမ် UPC ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကျင်းပရန် ဖြစ်သည်။ သို့သော် ကျင်းပရန်ရက်ကိုမူ အလွတ်သဘော ညှိနှိုင်းမှုများ ရှိသော်လည်း သဘောတူညီမှု ရရှိရန် အခက်အခဲများ ကြုံခဲ့ရသည်။ ယခုအခါ UPC ကို ဧပြီလ ၂၄ ရက်၊ တနင်္လာနေ့တွင် ကျင်းပခဲ့သော JICM အစည်းအဝေးတွင် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဟု  ဆုံးဖြတ်ချက် ချခဲ့ပါသည်။ တိုင်းရင်းသားများ သဘောတူလျှင် ဤရက်တွင် ကျင်းပနိုင်ပါသည်။ အစိုးရကလည်း မဖြစ်မနေ ကျင်းပရန် သန္နိဋ္ဌာန် ချထားပုံရပါသည်။ သို့သော် တိုးတက်မှု ရရှိနိုင်သည့်အပေါ် သံသယ ဖြစ်မိပါသည်။

အကယ်၍ UPC မှ တိကျသော ရလဒ်များ မရလျှင် ၎င်းလုပ်ငန်းစဉ်နှင့် အစိုးရတို့၏ စွမ်းဆောင်ရည်နှင့် ယုံကြည်မှုတို့အပေါ် သံသယ ဝင်လိမ့်မည်ဖြစ်သည်။ ၎င်းအပြင် NCA မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးရန် ပို၍ ခက်ခဲသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကိုပါ ထိခိုက်သွားနိုင်ပါသည်။

UPC နှင့် ပတ်သက်လာလျှင် အစိုးရအတွက် လက်မှတ်မထိုးရသေးသော အဖွဲ့များသည် ဒွိဟဖြစ်နေသည်။ ၎င်းတို့အား NCA မထိုးဘဲ ပြည့်ပြည့်ဝဝ ပါဝင်မှု ပေးသင့်သလား သို့မဟုတ် လုံးဝ ဂရုမစိုက်ဘဲ ထားခဲ့မလား။ ထိုသို့ဖြစ်လျှင်လည်း UPC မှ ရရှိနိုင်သော အောင်မြင်မှုများကို အားလျော့စေလိမ့်မည်။

UPC နှင့် ပတ်သက်လာလျှင် အစိုးရသာ ပြဿနာဖြစ်မည်မဟုတ်၊ NCA ထိုးထားသော အဖွဲ့  ရှစ်ဖွဲ့သည်လည်း အလားတူ ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်သည်။ UPC အဆင် မပြေလျှင် ၎င်းတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေရသည့် အခန်းကဏ္ဍကို ပြန်ကြည့်ပေမည်။ အကျိုး ရှိ မရှိ စဉ်းစားရပေမည်။

NCA လုပ်ငန်းစဉ်တွင် မပါဝင်သေးသော အဖွဲ့များအနေနှင့် စစ်ရေးအရ ဖိအားပေးမှုကို ခံရနိုင်သည်။ သို့သော် ယခင်ကာလများအတိုင်း နည်းမျိုးစုံဖြင့် ဆက်လက် ရပ်တည်ကာ ဖိအားပေးမှုကို ရင်ဆိုင်သွားလိမ့်မည်ဖြစ်သည်။

အစိုးရအတွက် အရေးအကြီးဆုံး စိန်ခေါ်မှုမှာ လက်မှတ်ထိုးမည် ဆိုလာသော NMSP (မွန်)၊ KNPP (ကယား (သို့) ကရင်နီ)၊ ANC (ရခိုင်)၊ LDU (လားဟူ) နှင့် WNO (ဝ) စသောအဖွဲ့ ငါးဖွဲ့ကို အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရေးအတွက် တိုက်တွန်းရန် ဖြစ်ပါသည်။

သို့သော် လွယ်မယောင်နှင့် ခက်သည်ကို တွေ့ရလိမ့်မည်။

NLD အစိုးရအနေနှင့် မတ်လကုန်တွင် အာဏာရ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယင်းအဖွဲ့ ငါးဖွဲ့လက်မှတ်ထိုးမည်ဟု တိုင်းပြည်ကို ကြေညာခဲ့သည်။ သို့သော် ယင်းအဖွဲ့ ငါးဖွဲ့က လက်မှတ်ထိုးမည့်ကိစ္စကို ချက်ချင်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ငါးဖွဲ့လက်မှတ်ထိုးမည့်ကိစ္စ မရေရာမှုများ ဖြစ်ခဲ့ရပါသည်။

NMSP နှင့် KNPP တို့ ဦးဆောင်သော ယင်းအဖွဲ့ ငါးဖွဲ့မှာ အနှေးနှင့်အမြန် ဆိုသလို NCA ထိုးရမည်ကို နားလည်သည်။ သို့သော် ၎င်းတို့အားလုံး ပါဝင်နိုင်သော အပေးအယူတစ်ရပ် (Package deal) ကိုရယူရန် မျှော်လင့်နေကြသည်။

ယင်းအဖွဲ့ ငါးဖွဲ့လုံးသည် UNFC ၏ အဖွဲ့များ ဖြစ်နေပါသည်။ ယင်းအဖွဲ့တွင် KIO (ကချင်) နှင့် SSPP (ရှမ်း-မြောက်) တို့လည်း ပါဝင်နေရာ ယင်းအဖွဲ့ နှစ်ဖွဲ့ ပါဝင်ရေးကိုလည်း ကြိုးပမ်းရလိမ့်မည် ဖြစ်ပါသည်။

မြန်မာ့တပ်မတော်အနေနှင့် ANU, LDU နှင့် WNO တို့အား  နယ်မြေမရှိခြင်း၊ စစ်ရေးအရ လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် အစပထမတွင် ၎င်းတို့ NCA လက်မှတ်ထိုးရန် ကန့်ကွက်ခဲ့ပါသည်။ သို့သော် ငါးဖွဲ့ လုံး ပါဝင်နိုင်ရေးအတွက် တပ်မတော်က သင့်တော်သော အပေးအယူ တစ်ခု ပြုလုပ်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားများ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဧပြီလမကုန်ခင် တွေ့နိုင်ရန် စီစဉ်နေကြသည်။ သဘောတူညီချက် မရလျှင်တောင် နားလည်မှု ရရှိလျှင်ပင် အစိုးရ၏ UPC ကျင်းပရေးအတွက် တွန်းအား ဖြစ်လိမ့်မည်ဖြစ်သည်။

အစိုးရအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ မြန်မာပြည် မြောက်ပိုင်း အခြေအနေ ဖြစ်ပါသည်။ တရုတ်-မြန်မာ နယ်စပ်အနီး အခြေစိုက်သော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့သည် မြန်မာနိုင်ငံရှိ အစိုးရ မဟုတ်သော လက်နက်ကိုင် တပ်ဖွဲ့များထဲမှ အကြီးဆုံးဖြစ်သော “ဝ” ပြည်တပ်မတော် (UWSA) နှင့် တရားဝင် နိုင်ငံရေးအရ မကြာသေးမီကပင် ပူးပေါင်းခဲ့ပါသည်။

UWSA အနေနှင့် အစိုးရနှင့် တစ်ဖွဲ့ချင်း အပစ်အခတ်ရပ် လက်မှတ်ထိုးထားပါသည်။ တည်ငြိမ်သော ငြိမ်းချမ်းမှု အနေအထားကိုလည်း ရရှိထားပါသည်။ သို့သော် မြောက်ပိုင်း မဟာမိတ်အဖွဲ့ တစ်ဖွဲ့မှ အစိုးရနှင့် အပစ်ရပ်ထားခြင်း မရှိပါ။ ထို့အပြင် ၎င်းတို့သည် တရုတ်နှင့်ဆက်စပ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာနေရာများကို  အမြဲတိုက်ခိုက်နေခဲ့ပါသည်။ စီးပွားရေး ထိခိုက်မှု အများအပြားလည်း ဖြစ်ပေါ်စေခဲ့ပါသည်။ ယင်းတို့ထဲတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်ကို တိုက်ခိုက်မှုသည် အရှိန် အမြင့်ဆုံး ဖြစ်ခဲ့သည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနှင့် UWSA နှင့်ပေါင်းကာ “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှု ကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ အစိုးရနှင့် ညီညွတ်သော တပ်ပေါင်းစုတစ်ခုအဖြစ် ဆွေးနွေးရန်ဖြစ်သည်။ ယင်းအခြေအနေသည် ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် မြောက်ပိုင်း မဟာမိတ်နှင့်တော့ တိုက်ပွဲများ ဆက်ဖြစ်နေဦးမည်။

UWSA ဦးဆောင်သော ဆွေးနွေးရေး ကော်မတီအနေနှင့် တောင်းဆိုမှု တသီတတန်းကြီး ပြုလုပ်ရန်ရှိသည်။ NMSP နှင့် KNPP စသောအဖွဲ့ ငါးဖွဲ့၏ တောင်းဆိုမှုများနှင့် မတူညီမှုများ ရှိသည်။ UWSA နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် NCA ကို ၎င်းတို့၏ လိုလားချက်များနှင့် ကိုက်ညီအောင် ညှိနှိုင်းလိုသည်ဟု ကြေညာထားခဲ့သည်။

ယင်းအချက်သည်ပင်လျှင် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် NCA ၏ သဘော တူညီချက်များကို ပြန်လည် ညှိနှိုင်း၍မရဟု နားလည်ထားပြီး “ဝ”နှင့် မြောက်ပိုင်း မဟာမိတ်တို့၏ တောင်းဆိုချက်များသည် လက်တွေ့ မဆန်ဟု ယူဆထားသဖြင့် NCA အပေါ် ဆွေးနွေးပွဲကို ၎င်းတို့ တောင်းဆိုမှုများပေါ် မူတည်၍ ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ရန် ဖြစ်နိုင်ခြေနည်းသောကြောင့်ပင်။

ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သော JICM အစည်းအဝေးတွင် NCA ကိုပြင်ရန် လက်မခံကြောင်း တပ်မတော်ဘက်က ထပ်လောင်း ပြောကြားလိုက်ပါသည်။

ထို့ကြောင့် အစိုးရ၏ တိုင်းရင်းသား အဖွဲ့များ NCA လက်မှတ်ထိုးရန် ကြိုးပမ်းမှုများသည် ယင်းကဲ့သို့ ကြိုတင် တောင်းဆိုမှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်စေလိမ့်မည်။ ထို့အပြင် အစိုးရအနေနှင့်လည်း ယင်းအဖွဲ့များအကြောင်း သိရှိမှုနည်းပါးရုံသာမက အစိုးရ၏ ညှိနှိုင်းရေး အဖွဲ့သည် အတွေ့အကြုံနည်းပြီး Teamwork နှင့် ညီညွတ်မှုလည်း  နည်းပါးကြောင်း တွေ့ရသည်။

သို့သော် မြန်မာအစိုးရသည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များကို အကူအညီပေးသည်ဟု မကြာခဏ စွပ်စွဲခံနေရသော တရုတ်နိုင်ငံမှ အကူအညီရဖွယ် ရှိနေပါသည်။ မကြာသေးမီ ကာလအတွင်း တရုတ် အစိုးရအနေနှင့် မြန်မာအစိုးရနှင့်သော်လည်းကောင်း၊ တိုင်းရင်းသားများနှင့်သော်လည်းကောင်း သံတမန်နည်းအရ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်လာသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး အကျိုးစီးပွားများအပေါ် မူတည်၍လည်းကောင်း၊ နယ်စပ်အနီး တိုက်ပွဲများကြောင့် ဆုံးရှုံးရသည်များကို မူတည်၍သော်လည်းကောင်း တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကို ဦးစားပေးမည့် မူဝါဒတစ်ရပ်ကို ချမှတ်လာသည်ဟု ယူဆရပါသည်။

သို့သော် တွေ့ဆုံ ဆွေးနွေးရေးဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်များအနေနှင့် ညီညွတ်မှုကို ပြလိုကြသည်။ သို့မှသာ ၎င်းတို့၏ စည်းလုံးညီညွတ်မှုဖြင့် တောင်းဆိုချက်များကို ခိုင်မာအောင်၊ ရရှိအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် မဟာမိတ်အဖွဲ့များနှင့် ညှိနှိုင်းခြင်းများသည် ပို၍ခက်ခဲပြီး အဖြေရရန်လည်း ပို၍ ကြာတတ်သည်။  ထို့ကြောင့် ယင်းအခြေအနေများသည် အစိုးရ၏ ညှိနှိုင်းရေးမှူးများအတွက် အခက်အခဲနှင့် စိတ်ပျက်မှုများကို ဖြစ်စေသည်။ ထိုအခြေအနေများသည်  မယုံကြည်မှုကို ပိုမိုတိုးပွားစေသည်။ ထို့ကြောင့် အစိုးရအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရန် လိုအပ်သည်။

သို့သော် ဇာတ်လမ်းက မဆုံးသေးပါ။ တွေ့ဆုံဆွေးနွေးရေးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အကြောင်းအရာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး လွယ်လွယ်ကူကူ ခွဲထုတ်၍ မရပါ။

NMSP နှင့် KNPP ခေါင်းဆောင်သောအဖွဲ့ ငါးဖွဲ့သည် မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရတို့၏ ဆွေးနွေးပွဲကို စောင့်ကြည့်သွားမည်ဖြစ်သည်။ မြောက်ပိုင်းကလည်း တောင်ပိုင်းကို စောင့်ကြည့်သွားမည်။ တစ်ဖွဲ့ဖွဲ့က တင်းမာမှုကိုပြလျှင် နောက်တစ်ဖွဲ့ကလည်း တင်းမာမှုကို ပြလိမ့်မည်။ ၎င်းတို့ချင်းလည်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ အမြင်များကို ဖလှယ်ခြင်းနှင့် မဟာဗျူဟာများကို စုပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်လိမ့်မည်။ ထို့ကြောင့် အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေး၏ တိုးတက်မှုကို လိုအပ်သလို ပြုပြင်ပြောင်းလဲရန် လိုပေမည်။

ယင်းအခြေအနေ အားလုံးသည် အစိုးရ၏ ၂၀၁၇ ကို ငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းမှုနှစ်အဖြစ် စဉ်းစားချက်ကို အားနည်းသွားစေလိမ့်မည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြန်လည် သင့်မြတ်ရေးအတွက် ဆက်လက်၍ အခက်အခဲများကို ရင်ဆိုင်ရပေလိမ့်မည်။

အောင်နိုင်ဦး

(“အောင်နိုင်ဦး”သည် “မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ သင်ခန်းစာများ”စာအုပ်ကို ရေးသားထုတ်ဝေသူ ဖြစ်သည်။
အယ်ဒီတာ)



FOLLOW US