News

‘ဝ’ - မိုင်းလား ပဋိပက္ခနှင့် UWSA ၏ ဝှက်ဖဲ
၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က UWSA ‘ဝ’ တပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်က သူ၏ ညီနောင်တပ်ဖွဲ့- တစ်ချိန်က ဗကပ ရဲဘော် ရဲဘက်ဖြစ်ခဲ့ကြသော ရှမ်းပြည်နယ် အထူးဒေသ (၄) ခေါ် NDAA ထိန်းချုပ်ထားရာ ဒေသသို့ ရုတ်တရက် ဝင်ရောက်ပြီး အရေးပါသော စစ်စခန်းအချို့ကို သိမ်းယူခဲ့ကာ NDAA မှ တပ်သားများကို ခေတ္တဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။ အဆိုပါ စစ်စခန်းများမှာ မိုင်းလားဒေသအတွင်း တည်ရှိပြီး လွယ်ကျူဆိုင်၊ လွယ်ဆမ်ဆုံနှင့် မိုင်းမတပ်စခန်းတို့ ဖြစ်ကြသည်။ ထိုသို့သော အခြေအနေတွင် မြန်မာ့တပ်မတော် တြိဂံဒေသတိုင်း စစ်ဌာနချုပ်က UWSA တပ်ဖွဲ့များအား အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် အကြောင်းကြားထားသည့်အတွက် စစ်ပွဲဖြစ်ပွားလာလေ မလားဟု ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ UWSA ခေါင်းဆောင် ပေါက်ယိုချန်းသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်က စိုးရိမ်မိကြောင်း စာတစ်စောင် ပေးပို့ခဲ့ရာ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြန်ကြားလာသည့်စာအရ ၎င်းတို့တပ်ဖွဲ့များ အနေနှင့် ပုံမှန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း အောက်ခြေတပ် အချင်းချင်း နားလည်မှု လွဲမှားကာ အနည်းအကျဉ်း ပဋိပက္ခ ဖြစ်ခြင်းသာ ဖြစ်၍ နှစ်ဖက်ပြေလည်မှုရရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်နေပါကြောင်း၊ စစ်ပွဲမဖြစ်ပွားစေရန် တတ်နိုင်သမျှ ရှောင်ရှားမည် ဖြစ်သည်ဟု ပြောကြားကြောင်း သိရှိရသော်လည်း၊ NDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့်က အဆိုပါဒေသမှာ ၎င်းတို့ဒေသ မဟုတ်သောကြောင့် UWSA တပ်များ အနေနှင့် ပြန်လည်ဆုတ်ခွာပေးရမည် ဖြစ်ကြောင်း ပြောဆိုထားပါသည်။ သို့ဖြစ်လေရာ ဤကိစ္စမှာ UWSA က ပြောသလို သွေးရိုးသားရိုးကိစ္စ မဟုတ်သည်ကို ခန့်မှန်းနိုင်ပါသည်။ 

သို့ဖြစ်လျှင် အဆိုပါ ဒေသသို့ မည်သည့်အတွက် UWSA က ဝင်ရောက်ထိန်းချုပ်လိုသည်ကို လေ့လာရန် လိုပါသည်။ 

UWSA နှင့် NDAA အဖွဲ့တို့မှာ ၁၉၈၉ ခုနှစ် မတိုင်ခင်က ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ဦးဆောင်မှုအောက်တွင် ရှိခဲ့သော အရှေ့မြောက် စစ်ဒေသ၏ ‘ဝ’ တပ်ဖွဲ့များနှင့် ၈၁၅ စစ်ဒေသရှိ အာခါတပ်ဖွဲ့များ ဖြစ်ကြပါသည်။ ‘ဝ’ ဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၆၉ ခုနှစ်တွင် စတင်စိမ့် ဝင်စည်းရုံးခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် အလုံးအရင်းဖြင့် ဝင်ရောက်သိမ်းသွင်းခဲ့ပါသည်။ ထို့အတူ အာခါလူမျိုးများ နေထိုင်ရာ ဖာလုံ-ဖာလယ် ဒေသကို ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့သည်။ အစိုးရ အုပ်ချုပ်မှုအာဏာ သက်ရောက်မှု အနည်းဆုံး တောင်ပေါ်ဒေသသို့ စတင် ဝင်ရောက်ခြေကုပ်ယူခဲ့ခြင်း ဖြစ်ပြီး စတင်ဝင်ရောက်သည့်နေ့စွဲကို အစွဲပြု၍ ၈၁၅ စစ်ဒေသဟု ခေါ်တွင်သည်။

အာခါလူမျိုးတို့သည် ၎င်းတို့ကို တရုတ်ပြည်က အိုင်းနီ (Hani) တိုင်းရင်းသားတို့၏ မျိုးနွယ်စုအဖြစ် သတ်မှတ်ပြောဆိုခြင်းကို မနှစ်သက်သလို ရှမ်းလူမျိုးတို့က ‘ကော်’ သို့မဟုတ် ‘အီကော’ ဟု ခေါ်ဆိုခြင်းကိုလည်း မနှစ်သက်ကြချေ။ ၎င်းလူမျိုးတို့မှာ တရုတ်-မြန်မာ-လာအို-ဗီယက်နမ်နှင့် ထိုင်းနယ်စပ် တစ်လျှောက် နေထိုင်လျက် ရှိကြပြီး စုစုပေါင်း အရေအတွက်အားဖြင့် ၄၀၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ NDAA ထိန်းချုပ်ထားရာ မိုင်းလားဒေသမှာ စတုရန်း ကီလိုမီတာ ၅၀၀၀ ခန့် ကျယ်ဝန်းပြီး ရှမ်းနှင့် အာခါလူဦးရေမှာ တစ်သိန်းနှစ်သောင်းခန့် ရှိသည်ဟု ဆိုပါသည်။

CPB တို့ စတင်ဝင်ရောက်ပြီး နောက်ပိုင်းတွင် အနောက်ဘက်ရှိ မုန်းစောဒေသသို့ပါ ဝင်ရောက် တိုးချဲ့စည်းရုံးခဲ့ကာ ၈၁၅ စစ်ဒေသ၏ ဌာနချုပ်စခန်းကို မုန်းစောဒေသ၊ မန်ဖိုင် (Wan Hpai) ရွာတွင် အခြေစိုက်ခဲ့သည်။ မန်ဖိုင်ရွာမှာ တောင်ပေါ်တွင် တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ် မုန်းစုံမှ သုံးမိုင်ခန့် ဝေးသည်။ မန်ဖိုင်ရွာ တည်ရှိရာ တောင်ကြော၏အောက်ဘက် မြန်မာဘက်ခြမ်းတွင် မိုင်းဝ၊ မန်ဟိုနား စသည့် ကျေးရွာများ ပါဝင်သည့် ကျင်းခမ်း (Kenghkang) ကွင်း တည်ရှိသည်။ အဆိုပါ ပြန့်ဒေသ ကျေးရွာများမှာ ရှမ်းလူမျိုးများ နေထိုင်ရာ ဒေသများဖြစ်ကြပြီး တောင်ပေါ်မှ စိုးမိုးထားခဲ့သည်။ ၈၁၅ စစ်ဒေသသည် အာခါတိုင်းရင်းသားများကို အဓိက စည်းရုံးခဲ့သဖြင့် ၁၉၇၅ ခုနှစ်လောက် အရောက်တွင် အင်အား ၃၀၀ ခန့်စီ ပါဝင်သည့် အာခါတပ်ရင်း (၄) ရင်းထိ ဖွဲ့စည်းနိုင်ခဲ့သည်။ 

၁၉၇၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် CPB အရှေ့မြောက် စစ်ဒေသ တပ်များသည် မိုင်းပေါက်နှင့် ဆီလူး (ဆစ်လွေ့) ဒေသအား ဖြတ်သန်း၍ ၈၁၅ စစ်ဒေသ တပ်များနှင့် ပူးတွဲလျက် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းဒေသတွင်း ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့သည်။ ထိုစစ်ရေးလှုပ်ရှားမှု၏ အကျိုးဆက်အဖြစ် CPB တို့သည် ၈၁၅ စစ်ဒေသ၏ အနောက်ဘက် မိုင်းလားတည်ရှိရာ မိုင်းမကွင်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြလေသည်။ ထိုသို့ သိမ်းပိုက်ခဲ့သော တပ်မှာ ‘ဝ’ တပ်သားများ အများစု ပါဝင်သော အရှေ့ မြောက်စစ်ဒေသမှ တပ်မဟာ (၈) ဖြစ်သော်လည်း အရှေ့မြောက် စစ်ဒေသနှင့် ၈၁၅ စစ်ဒေသတို့၏ ကြားတွင် တပ်မဟာ ၇၆၈ (၁၉၇၆ ခုနှစ် ၈ လပိုင်းက CPB တို့ စည်းရုံးသိမ်းသွင်းခဲ့သော စောဝ်ခွန်းမင် ခေါ် အိုက်မြင့် ခေါင်းဆောင်သော တပ်မဟာ) ထိန်းချုပ်ရာ ဆီလူးဒေသ ခံနေခြင်းနှင့် ၈၁၅ စစ်ဒေသ ဌာနချုပ်နှင့် ပိုမိုနီးကပ်ခြင်းတို့ကြောင့် အသစ်သိမ်းပိုက် ရရှိလာသော ဒေသကို နယ်ချင်းဆက်နေသည့် ၈၁၅ စစ်ဒေသအောက်သို့ ထည့်သွင်းရန် CPB ဗဟိုက ဆုံးဖြတ်ခဲ့သည်။ ၁၉၈၉ ခုနှစ် CPB တို့ ပြိုကွဲသွားပြီးနောက် ၈၁၅ စစ်ဒေသကို တပ်မတော်အစိုးရက ရှမ်းအထူးဒေသ (၄) ဟု အမည်ပေးခဲ့သလို၊ NDAA (National Democratic Alliance Army) အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်ဟု မိမိဘာသာ အမည်ပြောင်းခဲ့လေသည်။ ဌာနချုပ်ကိုလည်း မန်ဖိုင်မှ မိုင်းလားသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ခြင်းဖြင့် နောက်ပိုင်းတွင် မိုင်းလားဒေသဟုလည်း ခေါ်တွင်ကြလေသည်။

CPB ဗဟို ပြိုကွဲသွားပြီးနောက် တပ်မဟာ ၇၆၈ ၏ နိုင်ငံရေးမှူး စိုင်းနွန်ပန်းနှင့် တပ်မဟာမှူး ခွန်ဆာတို့မှာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို လုပ်ကြံခံရပြီး (အချင်းချင်း အာဏာလုကြခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။) သေဆုံးသွားကြရာ ကျန်နေသော ရှမ်းတပ်သား အများစုမှာ UWSA နှင့် မပေါင်းဘဲ NDAA မိုင်းလားနှင့် လာရောက်ပူးပေါင်းသည်။ သို့ဖြစ်ရာ မူလက အုပ်ချုပ်ရေးခရိုင် ၂ ခုနှင့် တိုက်ခိုက်ရေး တပ်မဟာ ၂ ခု ရှိခဲ့သော NDAA သည် ဆီလူးဒေသနှင့် တပ်မဟာ ၇၆၈ အပါအဝင် အုပ်ချုပ်ရေးခရိုင် ၃ ခုနှင့် တပ်မဟာ ၃ ခု ဖြစ်လာလေသည်။ လက်ရှိအချိန်၌ အလယ်တွင်ရှိသော မိုင်းလားအခြေစိုက် တပ်မဟာသည် အင်အားအတောင့်ဆုံး ဖြစ်ပြီး တပ်ရင်း (၄) ရင်းဖြင့် အင်အား ၂၀၀၀ ခန့် ရှိသည် ဆို၏။ ကျန်တပ်မဟာ ၂ ခုမှာ ၇၆၈ အခြေပြုခဲ့သည့် အနောက်ဘက် ဆီလူးဒေသတွင် တစ်ခုနှင့် အရှေ့ဘက် မဲခေါင်မြစ်ကမ်းနားဒေသ နမ့်ပန်ဘက်တွင် အခြေစိုက်သည့် တပ်မဟာတစ်ခုတို့ ဖြစ်ကြပြီး အင်အား ၁၀၀၀ ခန့်စီ ရှိသည်။ သို့ဖြစ်ရာ NDAA ၏ လက်ရှိ တိုက်ခိုက်ရေး အင်အား စုစုပေါင်းမှာ ၄၀၀၀ ခန့် ရှိသည်ဟု ဆိုနိုင်သည်။

ယခင်က UWSA ဒေသ မိုင်းပေါက်နှင့် NDAA ဒေသ ဆီလူးအကြားတွင် အစိုးရတပ်များ ထိန်းချုပ်ထားသော မိုင်းယန်းကွင်း တည်ရှိသဖြင့် ဒေသနှစ်ခုကြား ကူးသန်းသွားလာရာတွင် မိုင်းယန်းကွင်းကို ဖြတ်သန်းရသည်။ သို့သော် ယခုအခါ မိုင်းယန်းကွင်း၏ မြောက်ဘက် တောင်ကြောပေါ်တွင် ကားလမ်းဖောက်လုပ်ထားခြင်းဖြင့် ‘ဝ’ နှင့် မိုင်းလားဒေသ အကြား ကူးလူးဆက်ဆံရာတွင် တပ်မတော် ထိန်းချုပ်ထားသော နယ်မြေအတွင်း ဖြတ်သန်းရန် မလိုတော့ပေ။ မိုင်းလားဒေသမှာ မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့်အပြင် မဲခေါင်မြစ်အတွင်း စုန်ဆင်းခြင်းအားဖြင့် ထိုင်းနိုင်ငံသို့လည်း ရေလမ်းခရီးဖြင့် သွားရောက်နိုင်သေးသည်။ ကုန်းလမ်းခရီးအားဖြင့် ဆိုလျှင် မဲခေါင်မြစ်ကမ်း နမ့်ပန်မှ စတင်၍ အနောက်ဘက် မိုင်းလား-ဆီလူး ထိုမှသည် ‘ဝ’ ဒေသ မိုင်းပေါက်-ပန်ဆန်းတို့ကို ဖြတ်၍ ကိုးကန့်ဒေသနှင့် နယ်စပ် ချင်းရွှေဟော်အထိ ရာသီမရွေး အသုံးပြုနိုင်သော လမ်းဖောက်လုပ်ထားပြီး ဖြစ်သည်။ ထို့ပြင် မိုင်းလားဒေသမှ တောင်ဘက်ရှိ မိုင်းဖြတ် တာချီလိတ်ဒေသသို့ ဖြတ်ကာ ထိုင်းနိုင်ငံသို့လည်း ဝင်ထွက်သွားလာနိုင်သည်။ သို့ဖြစ်လေရာ UWSA အနေနှင့် NDAA ဒေသသည် လာအို-ထိုင်း စသည့် နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရာတွင် အရေးကြီးသည့် ကြားခံနယ် ဖြစ်နေပေတော့သည်။

UWSA နှင့် NDAA တို့အကြား ဆက်ဆံရေး

UWSA အနေနှင့် ယခုအခါ အမြဲတမ်း တိုက်ခိုက်ရေး အင်အား ၂၀၀၀၀ ခန့် ရှိနေသည်ဖြစ်ရာ NDAA ဒေသကို တိုက်ခိုက်သိမ်းပိုက်မည် ဆိုလျှင် လွယ်လွယ်ကူကူနှင့် သိမ်းပိုက်နိုင်သည့် အနေအထား ရှိပါသည်။ ၎င်းတို့အကြား ဆက်ဆံရေးမှာ ရဲဘော်ရဲဘက်ဟောင်းများ ဖြစ်ကြ၍ ကြီးမားသည့် အဖုအထစ် မရှိခဲ့သဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောကွဲလွဲစရာ ဆို၍ အစိုးရ၏ အဆိုပြုချက်များအပေါ် တုံ့ပြန်ပုံချင်း မတူသည့် ကိစ္စများတွင်သာ ကွဲလွဲစရာ ရှိသည်ဟု ယူဆသည်။ ဥပမာအားဖြင့် ၂၀၀၉ ခုနှစ်က တပ်မတော်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့များကို BGF (နယ်ခြားစောင့်တပ်) အသွင်ပြောင်းရန် တိုက်တွန်းခဲ့ရာ မိုင်းလားအဖွဲ့၏ အတွင်းရေးမှူး ဦးမင်းအိမ်က လိုလားပုံ ပြခဲ့သည်။ ဦးမင်းအိမ်မှာ ထိုစဉ်က တြိဂံဒေသတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော လက်ရှိ ကာကွယ်ရေးဦးစီးချုပ်နှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ UWSA အဖွဲ့ကမူ BGF လုပ်ရန် သဘောမတူ တင်းတင်းမာမာပင် ငြင်းဆန်ခဲ့သည်။ ထိုသို့သော နိုင်ငံရေး အခြေအနေအောက်တွင် ဦးမင်းအိမ် တစ်ယောက် တစ်နံနက်ခင်း လမ်းလျှောက်ရင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် လုပ်ကြံခံလိုက်ရသည်။ ယနေ့တိုင် လက်သည်မပေါ်ပေ။ အဆိုပါ လုပ်ကြံမှုမှာ နိုင်ငံရေး သဘောကွဲလွဲမှုကြောင့်လော သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြိုးအတေးများကြောင့်လော၊ လက်သည်တရားခံ မည်သူနည်းဆိုသည့် ကိစ္စများမှာ ရှင်းရှင်းလင်းလင်း မရှိချေ။ 

နောက်ပိုင်းတွင် BGF ပြောင်းရေးကို NDAA ကပါ လက်မခံသဖြင့် အစိုးရတပ်မတော်နှင့် တင်းတင်းမာမာ ဖြစ်ခဲ့ကာ နှစ်ဖက် စစ်ပြင်ဆင်မှုများ လုပ်ခဲ့ကြသေးသည်။ ထိုစဉ် မိုင်းလားဒေသ အတွင်းသို့ UWSA ၏ တပ်များ ဝင်ရောက်ကာ အားဖြည့်ပေးသည်ကို တွေ့ခဲ့ရပြီး NDAA က ထိုသို့ အားဖြည့်ခြင်းကို သဘောတူခဲ့ပုံ ရလေသည်။

NDAA ၏ အဓိကခေါင်းဆောင် ဦးစိုင်းလင်းခေါ် လင်မင်ရှင့်မှာ ကြူကုတ် ပန်ဆိုင်းဇာတိ ရှမ်း-တရုတ်လူမျိုး ဖြစ်သည်။ ငယ်စဉ်က လားရှိုးမြို့တွင် အထက်တန်းကျောင်းပညာ ဆည်းပူးခဲ့သူ ဖြစ်ပြီး ဇနီးမှာ ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏သမီး ဖုန်စူးချင် ဖြစ်သည်။ ဗမာစကား၊ တရုတ်စကား၊ ရှမ်းစကားနှင့် အာခါစကားတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်ပြီး ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်လေသည်။ ထိုသို့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်မှုကြောင့် UWSA နှင့်သာမက တပ်မတော်အစိုးရနှင့်လည်း နားလည်မှုရှိရှိ ပြေပြေပြစ်ပြစ် ဆက်ဆံနိုင်ပုံ ရလေသည်။ 

၂၀၁၅ ခုနှစ်အတွင်း NCA လက်မှတ်ထိုးရေးအတွက် သမ္မတ ဦးသိန်းစိန်က ကျိုင်းတုံမြို့တွင် UWSA နှင့် NDAA ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ရာ UWSA ခေါင်းဆောင် ပေါက်ယိုချန်း  မတက်ရောက်သော်လည်း NDAA ခေါင်းဆောင် ဦးစိုင်းလင်းနှင့် ဇနီးတို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း တကယ်တမ်း NCA ကို လက်မှတ်ထိုးရေးကိစ္စတွင် UWSA နှင့် အတူရပ်တည်ကာ လက်မှတ်မထိုးဘဲ နေခဲ့လေသည်။

၂၀၁၆ ခုနှစ် သြဂုတ်လက နေပြည်တော်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်လာကြရာတွင် UWSA အဖွဲ့က အစည်းအဝေးတွင် ခွဲခြားဆက်ဆံခံရသည် ဆိုကာ အစည်းအဝေး တစ်ရက်သာ တက်ရောက်ပြီး ပြန်သွားကြသော်လည်း NDAA အဖွဲ့က အစည်းအဝေး ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သည်။ ထို့ပြင် UWSA က မြို့နယ်အဆင့် တာဝန်ရှိသူကိုသာ စေလွှတ်သော်လည်း NDAA က အဓိကခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင် တက်ရောက်သည်ကို တွေ့ရသည်။ 

ထို့နောက် NDAA အနေနှင့် ၎င်းတို့ထိန်းချုပ်ထားရာ နယ်မြေကို အသိအမှတ်ပြုလျှင် NCA လက်မှတ်ထိုးမည်ဟု ကြေညာလိုက်သောအခါ UWSA အနေနှင့် စိုးရိမ်စိတ်ဝင်လာပုံ ပေါ်သည်။ NDAA အနေနှင့် ၎င်းတို့ထိန်းချုပ်ထားရာ ဒေသကို အာခါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးစေလိုခြင်း ဖြစ်ပုံရပါသည်။ ထိုသို့ တောင်းဆိုခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၄ အရ ဖြစ်နိုင်ခြေ များစွာရှိပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရန်သာ လိုအပ်ပြီး မည်သည့်လွှတ်တော်ကိုမှ တင်ပြရန် မလိုချေ။

ထိုသို့သော အခြေအနေတွင် UWSA အနေနှင့် အစိုးရနှင့် ရင်ဆိုင်ရာတွင် ထို့နောက် NDAA နှင့်အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း ရပ်တည်လာခဲ့သည့် အနေအထားမှ ယခု NCA လက်မှတ်ရေးထိုးရေး ကိစ္စကျမှ သွေးကွဲမည့် အနေအထားကို စိုးရိမ်ပုံ ရပေသည်။ အထူးသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုချက် မရရှိမီ NDAA မိုင်းလားဒေသက အစိုးရ၏ ဥပဒေဘောင်အတွင်း ရောက်သွားလျှင် ‘ဝ’ ဒေသမှ လာအိုနယ်စပ်နှင့် ထိုင်းနိုင်ငံနယ်စပ်သို့ အလွယ်တကူ သွားရောက်နိုင်သည့် ပေါင်းကူးသဖွယ် ဖြစ်နေသော လမ်းကြောင်းမှာ ပိတ်ဆို့ဖြတ်တောက်ခံရနိုင်ဖွယ် ရှိခြင်းကို ပိုမိုစိုးရိမ်ပုံ ရလေသည်။ ထိုလမ်းခရီးသည် ၎င်းတို့အဖို့ လာအိုနှင့် ထိုင်းနိုင်ငံတို့သို့ ထွက်ရာ အရေးကြီးသော ကူးသန်းရောင်းဝယ်ရေး ဝင်ထွက်ပေါက်တစ်ခု ဖြစ်လေရာ UWSA အဖို့ လိုအပ်သည့် လက်နက်ခဲယမ်း မီးကျောက်နှင့် မူးယစ်ဆေးဝါး ရောင်းချရာ သေနင်္ဂဗျူဟာ လမ်းကြောင်းလည်း ဖြစ်နေသည်။

ထိုသို့သော အခြေအနေမျိုးတွင် UWSA အနေနှင့် အစိုးရ တပ်မတော်နှင့် စစ်မဖြစ်ဘဲ NDAA နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းလိုပုံ ရပါသည်။ ငြိမ်းချမ်းစွာ ဖြေရှင်းသည် ဆိုသည်မှာ ၎င်းတို့စိုးရိမ်ချက်ကို NDAA သို့ ပြောပြပြီး NCA လက်မှတ်မထိုးရန်နှင့် အစိုးရတပ်မတော်၏ ဝင်ရောက်စွက်ဖက်မှုကို မခံရန်၊ အစိုးရ တပ်မတော် ဝင်ရောက်စွက်ဖက်ပါက ၎င်းတို့ နှစ်ဖွဲ့လုံး အကျိုးမရှိဘဲ သေနင်္ဂဗျူဟာကျသည့် နယ်မြေများ လက်လွတ်ဆုံးရှုံးသွားဖွယ်ရာ ရှိကြောင်းကို NDAA ကို ဖျောင်းဖျဆွေးနွေးခြင်းသာ ဖြစ်ဖွယ် ရှိပါသည်။

သို့ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့ ဘီဘီစီ သတင်းတစ်ရပ်အရ NDAA နှင့် UWSA ကိုယ်စားလှယ်တို့ တရုတ်ပြည်တွင်း တွေ့ဆုံဆွေးနွေးခဲ့ကြရာ အဆင်ပြေ ချောမွေ့ကြောင်း၊ သို့သော် UWSA ဝင်ရောက်တပ်စွဲထားသော နေရာများမှ ပြန်လည်ဆုတ်ခွာပေးမည် မဟုတ်ကြောင်း ဆိုပါသည်။ တစ်ချိန်တည်းမှာပင် UWSA အနေနှင့် အစိုးရတပ်မတော်နှင့် လက်နက်ကိုင် ပဋိပက္ခ မဖြစ်ပွားစေရန် တရုတ်ပြည်သို့လည်း အကူအညီတောင်းပုံ ရပါသည်။ အကြောင်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖန်းဖန်ဟွေ့ (Gen. Fang Fenghui) က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အရေးတကြီး ဖိတ်ခေါ်ကာ တွေ့ဆုံခဲ့သောကြောင့် ဖြစ်လေသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်ဘက်က မည်သို့ေ ပြာဆိုသည်ကို မသိရသော်လည်း ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ‘နှစ်နိုင်ငံ နယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း’ ဟု ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ယုခွန်း (Maj.Gen Yu Kun) က တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲအပြီး ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရလေသည်။ သို့ဖြစ်လေရာ မြန်မာနိုင်ငံအတွင်း UWSA နှင့် တပ်မတော်တို့အကြား လက်နက်ကိုင် ပဋိပက္ခ မဖြစ်ပွားရန် အချိန်မီ ရှောင်ရှားနိုင်ခဲ့ပြီဟု ယူဆပါသည်။

မည်သို့ဆိုစေကာမူ UWSA အနေနှင့် အရေးအကြောင်း ကြုံလာသောအခါ ဂျိုကာကဲ့သို့ သေချာပေါက် နိုင်ဖဲဖြစ်သော တရုတ် ဝှက်ဖဲကို ထုတ်သုံးလိုက်ခြင်းဖြင့် သေနတ်တစ်ချက် မပစ်ဖောက်လိုက်ရဘဲ မိုင်းလားတပ်စခန်း အချို့ကို ထိန်းချုပ်ခွင့် ရသွားသည်ကိုတော့ လက်ခံရပေလိမ့်မည်။

ရဲထွန်း (သီပေါ)



FOLLOW US