News

အိမ်ကြီးပေါ်က အိမ်ငယ် အာဏာစည်းဝိုင်းအပြင်က ‘ဝ’ တပ်ဖွဲ့ ကောက်ကြောင်း
မြန်မာနိုင်ငံ၏ အရှေ့မြောက်ဖျား တစ်နေရာတွင် ပဋိပက္ခသစ်တို့ ထပ်မံပေါ်ပေါက်လာမည်လား စိုးရိမ်နေကြပြီ ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့များ အနက်မှ အင်အားအကြီးဆုံး ‘ဝ’ နှင့် ယင်း၏ မဟာမိတ် မိုင်းလားတို့အကြား နယ်မြေကျူးကျော်မှု အငြင်းပွားလျက်ရှိရာ တပ်မတော်က ကြားဝင်လာပြီး စစ်ပွဲတစ်ခုအဖြစ် အသွင်ပြောင်းသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

တပ်မတော်အစိုးရ၊ ဦးသိန်းစိန် အစိုးရမှသည် ယနေ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်အထိ အစိုးရ/ တပ်မတော် အဆက်ဆက်က သတိထား ကိုင်တွယ်ဆက်ဆံနေရသော‘ဝ’ တပ်ဖွဲ့။ သူတို့၏ အမည်က ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ/ တပ်မတော် (UWSP/A) ဖြစ်သည်။

စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ အစိုးရ၊ တပ်မတော်တို့နှင့် ပဋိပက္ခ ကြီးကြီးမားမား မရှိခဲ့ဖူးဘဲ ‘ပိုနေမြဲ၊ ကျားနေမြဲ’ ပုံစံဆက်ဆံနေသော ‘ဝ’ တို့ ပဋိပက္ခ ရေဒါအောက် ပြန်ရောက်လာခဲ့သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ အငြင်းပွားစဉ် ၂၀၀၉ ခုနှစ်က တပ်မတော်နှင့် ဆက်ဆံရေး တင်းမာခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်က ပုံစံအသစ် ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲရာမှ ပေါ်ထွက်လာသည့် တစ်အူထုံဆင်း ညီနောင်ရင်း ဖြစ်သလို အရင်းနှီးဆုံး မဟာမိတ်များအဖြစ် အတူနေခဲ့ကြသော မိုင်းလားနှင့် ‘ဝ’ အဖွဲ့တို့ စက်တင်ဘာလကုန်ပိုင်းက စ၍ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သည်။

မိုင်းလားနယ်မြေသို့ ‘ဝ’ အဖွဲ့မှ အင်အား ၁၀၀၀ ခန့် ဝင်ရောက်ကာ မိုင်းလားတပ်စခန်းများကို သိမ်းပိုက်ရာက စသည်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ မိုင်းပေါက်အခြေစိုက် တပ်မဟာ-၄၆၈ မှ တိုက်ပွဲဝင် သံချပ်ကာယာဉ် ငါးစီးနှင့် စစ်သည် ၆၀၀ ကျော် တင်ဆောင်လာသည့် စစ်ကား ၆၅ စီးသည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် မိုင်းလားအဖွဲ့၏ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆားနှင့် ပန်မတ်ဖိုင်း စခန်းတို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

အဆိုပါ စခန်းများမှ မိုင်းလားတပ်သားများကိုလည်း ယာယီထိန်းသိမ်းခဲ့ပြီး ရက်အနည်းငယ် အကြာ၌ ပြန်လွှတ်ပေးခဲ့သည်။

ထပ်မံ၍ အောက်တိုဘာလ ၄ ရက်နေ့တွင် ‘ဝ’ စစ်သည် ၁၅၀ ခန့်ကို လွယ်ဆမ်ဆုန်နှင့် လွယ်ကျူဆိုင်း စခန်းများသို့ စေလွှတ်အင်အားဖြည့်တင်းခဲ့ရာ စုစုပေါင်း အင်အား ၁၀၀၀ ခန့် ရှိနေသည်။ နယ်ကျော်ဝင်ရောက်လာသည့် ‘ဝ’ တပ်ဖွဲ့များ ပြန်ဆုတ်ပေးရန် မိုင်းလားခေါင်းဆောင်များက ညှိနှိုင်းနေသည် ဆိုသော်လည်း အလုပ်မဖြစ်သေးပါ။

“အထက်အမိန့်မရရင် ပြန်လို့ မရဘူး” ဟု ‘ဝ’ တပ်မှူး လော်ဆိုင်းနပ်က ပြောဆိုထားသည်။

အချိန်တစ်လနီးပါးကြာသည်အထိ ‘ဝ’ နှင့် မိုင်းလား ခေါင်းဆောင်တို့ ပြေလည်အောင် မညှိနိုင်ခဲ့ရာ တပ်မတော်က ကြားဝင်လာခဲ့သည်။ ကျိုင်းတုံခရိုင်ရှိ မိုင်းလားနယ်မြေအတွင်း ဝင်ရောက်နေသော ‘ဝ’ တပ်များ ပြန်လည်ထွက်ခွာရန် အချိန်သတ်မှတ် သတိပေးခဲ့သည်။

တပ်မတော်က သတ်မှတ်ထားသော နောက်ဆုံးအချိန် အောက်တိုဘာလ ၂၄ ရက်နေ့အထိ ‘ဝ’ တပ်ဖွဲ့များ နေရာမရွေ့သေး။

‘ဝ’ ၊ မိုင်းလားနှင့် တပ်မတော်တို့၏ သုံးပွင့်ဆိုင် ဇာတ်လမ်းက စစ်ပွဲတစ်ခု ဖန်တီးလာမည်ကို စိုးရိမ်နေကြပြီ ဖြစ်သည်။

စည်းအပြင်က ‘ဝ’

ဗမာပြည်ကွန်မြူနစ်ပါတီ နေဝင်ချိန်တွင် ပေါ်ပေါက်လာသော ‘ဝ’ အဖွဲ့မှာ ဗကပဌာနချုပ် ပန်ဆန်း၌ပင် ဗဟိုပြုသည်။

ဗမာပြည်ကွန်မြူနစ်ပါတီတွင် တပ်မဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသော ‘ဝ’ အမျိုးသား ကျောက်ညီလိုင်က ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/A) ၏ ပထမဆုံး ခေါင်းဆောင် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီ တပ်တွင်းပုန်ကန်မှုကို ဦးဆောင်ခဲ့ပြီး ‘မြန်မာပြည် အမျိုးသားသွေးစည်းရေးပါတီ/တပ်မတော် (BNUP/BNUA)’ အဖြစ် အဖွဲ့သစ်ထောင်ကာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

ယင်းနှစ်၌ပင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/A) အဖြစ် ပြောင်းလဲဖွဲ့စည်းသည်။

ထိုစဉ်က UWSA ၏ စစ်ဦးစီးချုပ်မှာ လက်ရှိဥက္ကဋ္ဌ ပေါက်ယူချန်း ဖြစ်သည်။

အစိုးရ၏ ကာလကြာရှည် ရန်သူတော်ဖြစ်သော ဗကပတို့ကို ချေမှုန်းရန် ‘ဝ’၊ ကိုးကန့်နှင့် မိုင်းလားအဖွဲ့များ ပေါ်ပေါက်လာရေးကို တပ်မတော်အစိုးရက ကူညီခဲ့ပြီး ဗကပ ပြိုကွဲ၍ အဖွဲ့သစ်များ အသီးသီး ပေါ်လာသည်နှင့် တစ်ပြိုင်နက်အပစ် အခတ်ရပ်စဲရေးကို ချက်ချင်းပြုလုပ်ခဲ့သည်။

ယင်းအချိန်ကစ၍ ဗကပနှင့် တပ်မတော်တို့အကြား နာမည်ကျော် တိုက်ပွဲကြီးများမှာ သမိုင်းတစ်ခန်း ရပ်ခဲ့သလို လက်နက်ကိုင်အဖွဲ့သစ် အများအပြား ထပ်မံပေါ်ပေါက်လာပြီး ရှမ်းပြည်နယ်နှင့် မြန်မာ-တရုတ် နယ်စပ်၏ ပထဝီနိုင်ငံရေးကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။

ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များက ဗကပကို အောင်မြင်စွာ ဖြိုခွဲနိုင်သော်လည်း ပြဿနာသစ်များကို တစ်ပြိုင်နက် မွေးထုတ်လျက်သား ဖြစ်နေသည်။ ဗကပ၏ ပန်ဆန်းကို ဆက်ခံသော ‘ဝ’ တို့မှာ အစိုးရ၊ တပ်မတော်နှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် သီးခြားပြဿနာတစ်ခု ဖြစ်လာတော့သည်။

ပန်ဆန်းတွင် အခြေစိုက်သော ‘ဝ’ အဖွဲ့မှာ မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်း ရှိသည်။ မြောက်ပိုင်းမှာ ပန်ဆန်းဌာနချုပ် ရှိပြီး ‘ဝ’ တောင်ပိုင်းမှာ မူမိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းဆတ် ဒေသတစ်ဝိုက်တွင် တည်ရှိသည်။ ‘ဝ’ တောင်ပိုင်းနှင့် မြောက်ပိုင်းကြားတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ရှိပြီး ခိုလန်တွင် အခြေစိုက်သည်။

‘ဝ’ တောင်နှင့် မြောက် ပူးပေါင်းခြင်းကို ဟန့်တားနိုင်ရန် ၂၀၁၀ ပြည့်နှစ်က အသစ်ဖွင့်ခဲ့သော စစ်တိုင်းတစ်ခုဟု ဆိုကြသည်။

ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်းခမ်း) ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့ပြီး ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနှင့် တိုင်းတစ်ခု ဖွဲ့စည်းထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့များကို လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တွဲဖက်စီမံသော်လည်း ယင်းတို့အထဲတွင် ‘ဝ’ မပါ။ ‘ဝ’ သည် အစိုးရအာဏာစက်၏ ပြင်ပတွင် တသီးတခြား နေနေသူ ဖြစ်သည်။

ပန်ဆန်းမြို့တော်မှာ တရုတ်အငွေ့အသက်တို့ဖြင့်သာ လွှမ်းခြုံပြီး တရုတ်ယွမ်ငွေ၊ တရုတ်ရုံးသုံးဘာသာစကား၊ လျှပ်စစ်မီး၊ မိုဘိုင်းလ်ဖုန်းနှင့် အသုံးအဆောင် အားလုံးက တရုတ်ထွက် ဖြစ်သည်။ နိုင်ငံတကာမြင်ကွင်းတွင် ပန်ဆန်းသည် တရုတ်မြို့တော် အငယ်စားလေးသာ ဖြစ်သည်။

နေပြည်တော် အစိုးရ၏ အုပ်ချုပ်ရေး၊ စစ်ရေးယန္တရား ပန်ဆန်းတွင် တစ်ခုမျှ မရှိပါ။

‘ဝ’ နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသလ သန်းခေါင်စာရင်းလည်း ကောက်ခွင့်မရပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခု အဖြစ် သတ်မှတ်ထားသော်လည်း ‘ဝ’ ပြည်နယ်ဟု ကိုယ်ပိုင်သတ်မှတ်ခေါ်ဆိုနေပြီး ပန်ဆန်း အာဏာပိုင်အဖွဲ့ကိုလည်း ‘ဝ’ ပြည်နယ် ပြည်သူ့အစိုးရအဖြစ် သုံးနှုန်းနေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။

ယခုနှစ် မတ်လအတွင်းက သမ္မတ ဦးထင်ကျော်နှင့် ဒုတိယသမ္မတ နှစ်ဦးထံသို့ ‘ဝ’ ဥက္ကဋ္ဌ ပေါက်ယူချန်းက ဂုဏ်ပြုဝမ်းမြောက်ကြောင်း စာပို့ခဲ့ပြီး ယင်းစာတွင်လည်း ‘ဝ’ ပြည်နယ် ပြည်သူ့အစိုးရအဖြစ် သုံးနှုန်းဖော်ပြထားသည်။ အစိုးရကမူ ပြည်နယ်အဖြစ် အသိအမှတ်မပြုပါ။

ယခုနှစ်ပိုင်းအတွင်း ပန်ဆန်းက အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးအစည်းအဝေးသို့ ပြည်တွင်းသတင်းမီဒီယာ အချို့ကို အကန့်အသတ်ဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း ပန်ဆန်းဒေသတွင် လွတ်လပ်စွာ သတင်းရယူခွင့် မရှိဟု ဆိုသည်။

‘ဝ’ မြို့တော်တွင် ပြည်ပမှ အလုပ်သွားရောက် လုပ်ကိုင်သူများ ရှိသော်လည်း အောက်ခြေသိမ်း အလုပ်များနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင်သာ အများစု လုပ်ကိုင်ရကြောင်း သိရသည်။ ဘာသာစကား အခက်အခဲကလည်း အကြောင်းတစ်ခု ဖြစ်နိုင်သည်။

‘ဝ’ နယ်တွင် အစိုးရ စာသင်ကျောင်းအချို့ ဖွင့်လှစ်ထားသော်လည်း ဟန်ပြသာသာဟု ယူဆရသည်။

ကျောင်းသားအားလုံးလိုလိုမှာ တရုတ်ကျောင်းနှင့် တရုတ်ပညာရေးတွင် အသားကျနေပြီ ဖြစ်သည်။

လောင်းကစားနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းတို့က ‘ဝ’ အဖွဲ့၏ ပင်မဝင်ငွေရလမ်းအဖြစ် မှတ်တမ်းများက ဖော်ပြပြီး ‘ဝ’ ခေါင်းဆောင် အများအပြားကို အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့က မူးယစ်ရာဇာအဖြစ် ကြေညာကာ ဒေါ်လာနှစ်သန်းအထိ ဆုကြေးထုတ်၍ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ဖူးသည်။

‘ဝ’ အဖွဲ့၏ ဘဏ္ဍာရေး တာဝန်ခံတစ်ဦးဖြစ်သူ ဝေရှောက်ခန်မှာ မူးယစ်ကုန်သည်မှုနှင့် ပတ်သက်၍ ထင်ရှားသည်။

‘ဝ’ အဖွဲ့မှာ ပြည်မဒေသတွင် တရားဝင် စီးပွားရေး လုပ်ငန်းကြီးများ အများအပြားရှိပြီး ဟုန်ပန်းကုမ္ပဏီ လုပ်ငန်းစုက ထင်ရှားသည်။ ဟုန်ပန်းအမည်နှင့် ကျောက်မျက်တူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းများ အပြင် လေကြောင်းလုပ်ငန်း အထိပါ ‘ဝ’ အဖွဲ့က လုပ်ကိုင်လျက်ရှိသည်။

ရန်ကုန်လေကြောင်း (Yangon Airways) သည်လည်း ဟုန်ပန်းကုမ္ပဏီက ပိုင်ဆိုင်သဖြင့် အထက်ပါ လုပ်ငန်းများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရဖူးသည်။ အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုကို လတ်တလော ပယ်ဖျက်လိုက်သော်လည်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူများမှာ ပိတ်ဆို့မှု စာရင်းတွင် ကျန်ရှိနေမည် ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောဆိုထားသည်။

ဝေရှောက်ခန်မှာ ယမန်နှစ်က ပွဲဆူခဲ့သော Global Witness ၏ ကျောက်စိမ်းအစီရင်ခံစာတွင်လည်း ထင်ရှားသည့် ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်ပြီး ကျောက်စိမ်းကုမ္ပဏီ ငါးခုကို ဝေရှောက်ခန်က နောက်ကွယ်မှ ထိန်းချုပ်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

‘ဝ’ အိပ်မက်

အိမ်နီးချင်း တရုတ်ပြည်၏ အဓိက ကျောထောက်နောက်ခံနှင့်အတူ တစ်စတစ်စ အင်အားကြီးထွားလာသော‘ဝ’ အဖွဲ့၏ အိပ်မက်မှာ ကိုယ်ပိုင်အမျိုးသားပြည်နယ် ရရှိရေးဖြစ်ပြီး ယင်းအိပ်မက်ကို မကြာခဏ ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

စက်တင်ဘာလဆန်းက ကျင်းပပြီးစီးခဲ့သော ၂၁ ရာစု ပင်လုံတွင်လည်း ‘ဝ’ က ပြည်နယ်တောင်းစာ ပို့ခဲ့သေးသည်။

တြိဂံဒေသတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံအပါအဝင် မြို့နယ် ၁၀ ခု ကို စုပေါင်း၍ ‘ဝ’ ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရန် ၂၁ ရာစုပင်လုံသို့ ပေးပို့သော စာတမ်းတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။ သို့သော် ‘ဝ’ တို့၏ ယင်းအိပ်မက်က ရှမ်းတိုင်းရင်းသားတို့ကို အမျက်ထွက်စေပြီး ရှစ်ပြည်ထောင်စနစ်ကို လိုလားသော ရှမ်းအဖွဲ့များက ‘ဝ’ တို့အတွက် ပြည်နယ်ဖဲ့ပေးရမည်ကို လက်ခံလိုခြင်း မရှိပါ။

အမြင့်ဆုံးခေါ်ဈေးအဖြစ် မြို့နယ် ၁၀ ခု ပေါင်းကာ ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆိုသော်လည်း ယင်းလိုလားချက် ပြည့်မီရန် အတင်းအကျပ် မကြိုးစားသလို ယခုအတိုင်း ‘ပိုနေမြဲ၊ကျားနေမြဲ’ ပုံစံကို ‘ဝ’ ခေါင်းဆောင်များက ဆက်ထိန်းလိုသည့် ပုံစံရှိသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပ၍ ငြိမ်းချမ်းရေး ခြေတစ်လှမ်းတိုးချိန် ‘ဝ’ အနာဂတ်အတွက်လည်း စဉ်းစားလာရပြီ ဖြစ်သည်။ အဓိက ကျောထောက်နောက်ခံပြုသူ တရုတ်တို့၏ မြန်မာအစိုးရအပေါ် သဘောထား အပြောင်းအလဲ၊မ ဟာမိတ် မိုင်းလား၏ နေပြည်တော်နှင့် ပိုမိုနီးကပ်လာမှုက ‘ဝ’ အဖွဲ့ကို စိုးရိမ်စေခဲ့ကြောင်း အကဲခတ်အချို့က သုံးသပ်သည်။

အထူးသဖြင့် မိုင်းလား၏ ၂၁ ရာစု ပင်လုံအပေါ် သဘောထားကို ‘ဝ’ တို့ နှစ်မြို့ဟန် မရှိပေ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ကျင်းပသော ၂၁ ရာစုပင်လုံကို မိုင်းလားအဖွဲ့က လိုလိုလားလား ပူးပေါင်းလာခဲ့ပြီး ‘ဝ’ အဖွဲ့ကမူ တတိယတန်း ခေါင်းဆောင် အနည်းငယ်ကိုသာ စေလွှတ်ခဲ့သည်။ မိုင်းလားကမူ ဥက္ကဋ္ဌ ဦးစိုင်းလင်းကိုယ်တိုင် အဖွဲ့ဝင်ရာချီ ခြံရံလျက် နေပြည်တော်ကို ခရီးထွက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ဝန်းကျင်ကအစ ‘ဝ’ နှင့် မိုင်းလားမှာ မဟာမိတ်ဖွဲ့၍ ရန်ကုန်နှင့် နေပြည်တော် အစိုးရတို့ကို ထိတွေ့ခဲ့ရာက ယခု ၂၁ ရာစု ပင်လုံတွင် ယင်းတို့နှစ်ဖွဲ့၏ ကွဲပြားမှုကို သိသိသာသာ မြင်လိုက်ရသည်။

အပစ်ရပ်စာချုပ်အတိုင်း ရှေ့ဆက်မည့် ၂၁ ရာစု ပင်လုံလမ်းကြောင်းကို မိုင်းလားက လိုလိုလားလား လိုက်ချင်သည်။

‘ဝ’ က ထိုသို့မဟုတ်။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုရေး ဆွေးနွေးစဉ်ကပင် ခပ်ခွာခွာ နေခဲ့သည့်အတိုင်း စာချုပ်လက်မှတ်ထိုးရေး ယနေ့အထိ စိတ်ဝင်စားကြောင်း မပြောပါ။ အထူးသဖြင့် ယင်းစာချုပ်ပါ သဘောတူညီချက်များက ‘ဝ’ တို့၏ လက်ရှိအနေအထားကို လျော့ကျစေမည်ဟု တွက်ဆသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်နှင့်အတူ ငြိမ်းချမ်းရေးလမ်းကို လျှောက်ပါက တစ်ချိန်တွင် လက်နက်ဖြုတ်သိမ်းရမည်။

ယင်းအချက်ကို လက်နက်ကိုင်အဖွဲ့ အများအပြားက မလိုလားပါ။ ယင်းတို့အထဲတွင် ‘ဝ’ အဖွဲ့က ထိပ်ဆုံးနေရာတွင် ရှိသည်။

အိန္ဒိယ အရှေ့မြောက်ဒေသရှိ လက်နက်ကိုင်အချို့ အပါအဝင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ စစ်လက်နက် ပင်မရေစီးကြောင်းဟု ယူဆခံထားရသော ‘ဝ’ က ယင်းတို့၏ သြဇာအာဏာနှင့် ကြွယ်ဝမှုတို့ကို လက်လွှတ်လိုခြင်း မရှိကြောင်း ပန်ဆန်းနှင့် နီးစပ်သူတို့က မှတ်ချက်ပြုသည်။

သွေးတိုးစမ်းခြင်းလော

ယခု မိုင်းလား နယ်မြေကျူးကျော် ပြဿနာက ပဟေဠိများစွာ ပြည့်နှက်နေသည်။

သဘောထား သိသိသာသာ ကွဲလာသော မဟာမိတ်ကို ပညာပေးလိုသည့် သဘောဟ ယူဆနိုင်သလို အတွေ့အကြုံနုသည့် နေပြည်တော်အစိုးရကို သွေးတိုးစမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်သူအချို့ ရှိသည်။

တပ်မတော် အသိုင်းအဝိုင်း၏ ယူဆချက်အချို့အရ တကွဲတပြား ဖြစ်နေသော ‘ဝ’ တောင်ပိုင်းနှင့် ပန်ဆန်းကို ပေါင်းစည်းရန် နည်းလမ်းရှာခြင်းဟုလည်း ဆိုကြသည်။

ပဋိပက္ခသစ်ကို တာစူလာသည့် အရင်းခံကို တိတိပပ ရှာမတွေ့သေးသော်လည်း စစ်ပြင်သံများက ကျယ်လောင်လာသည်။

မိုင်းလားနယ်က ‘ဝ’ တပ်များ ဆုတ်ယောင်မပြသဖြင့် တပ်မတော်က တြိဂံဒေသတွင် စစ်အင်အား ဖြည့်တင်းမှုများ တောက်လျှောက်ပြုလုပ်လျက် ရှိသည်။ အမြောက်တပ်၊ သံချပ်ကာတပ်နှင့် ကြည်း/လေတပ်များ အသင့်ပြင်ခြင်း၊ အငြင်းပွားနယ်မြေကို ဝေဟင်မှ ကင်းထောက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

သတ်မှတ်ချိန် ကျော်သော်လည်း မဆုတ်ခွာသေးသူ ‘ဝ’ တပ်က မည်သို့ ကိုင်တွယ်မည် မသိရသေး။

နှစ်ဖက်လုံးက စစ်ပွဲနည်းလမ်းကို မရွေးချယ်စကောင်းဟု ယုံကြည်နေဆဲ ဖြစ်သည်။

အကြောင်းမှာ စစ်ရေးနည်းလမ်းကို ရွေးချယ်လျှင် အခြေခံ နယ်မြေအထင်အရှားနှင့် ဖွံ့ဖြိုးနေပြီ ဖြစ်သော မြို့ပြပိုင်ရှင် ‘ဝ’ တို့ ချက်ချင်းအထိနာမည် ဖြစ်သည်။ လက်နက်လူသူအင်အား တောင့်တင်းသဖြင့် ယှဉ်ပြိုင်စစ်ခင်းနိုင်သည် ဆိုလျှင်ပင် ‘ဝ’ အခြေစိုက်ရာ မြို့ပြဒေသမှာ စစ်၏ အနိဌာရုံအောက် တစ်မုဟုတ်ချင်း ကျရောက်သွားမည် ဖြစ်သည်။

သို့သော် စစ်တို့မည်သည် အပိုင်တွက်၍ မရကောင်းသည်ဖြစ်ရာ စစ်ပွဲသို့ မဝင်ဟုလည်း ရာနှုန်းပြည့် အာမမခံနိုင်ပါ။

‘ဝ’ တပ်၏ အငြင်းပွားဖွယ်နယ်မြေ ကျူးကျော်မှုက အချိန်တစ်လကျော်သို့ တိုင်ပြီဖြစ်သည်။

ရုတ်တရက် ထွက်ပေါ်လာသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်ခရီးစဉ်က ‘ဝ’ ပြဿနာနှင့်လည်း သက်ဆိုင်နိုင်သည်။ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိလျှင်ပင် ‘ဝ’ အကြောင်းက ခေါင်းစဉ်တစ်ခုအဖြစ် မလွဲမသွေ ပါနိုင်မည် ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေဝင်ချိန်နှင့် နေထွက်ချိန်ကို ပန်ဆန်းဌာနချုပ်အရောက် ခြေရာခံခဲ့ပြီး ‘ဝ’၊ မိုင်းလားတို့ကို မျက်ဝါးထင်ထင် မြင်ခဲ့ဖူးသူ ဆွီဒင်သတင်းစာ ဆရာဘာတေးလ်လစ်တနာက ‘ဝ’ ပြဿနာကို ဤသို့ သုံးသပ်ထားသည်။

‘ဝ’ အမျိုးသားများ အပါအဝင် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ပြင်းပြသောဆန္ဒနှင့် ရည်မှန်းချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးရေးမှာ နေပြည်တော်တွင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ အာဏရသည် ဖြစ်စေ မြန်မာနိုင်ငံ ဗဟိုအစိုးရအတွက် အဓိက စိန်ခေါ်ချက်ပင်ဖြစ်သည် ဟူ၏။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အချိုသတ်ထားနိုင်ခဲ့သော်လည်း လူထုအများစု ရွေးချယ်သော အစိုးရလက်ထက်တွင် ပဋိပက္ခသစ်များ အစပျိုးမည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ အပူပန်ဆုံးသူများမှာ ဒေသခံများနှင့် နှစ်ဖက်တပ်သားများ ဖြစ်ပေလိမ့်မည်။

အရှေ့မြောက်ဒေသ၏ စစ်ပြင်သံများကို ထင်ထင်ရှားရှား ကြားနေရချေပြီ။

The Voice




FOLLOW US