News

30-Aug-2018

Soccer Tottenham USA Fulham Dempsey
ဘောလုံးကစားသမားဘ၀ဖြတ်သန်းမှုကို ဒမ့်ဆေး အဆုံးသတ်

နယူးယောက်၊ သြဂုတ် ၃၀

ဖူလ်ဟမ်နှင့် စပါးအသင်းတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သော အမေရိကန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒမ့်ဆေးသည် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘ၀ဖြတ်သန်းမှု အဆုံးသတ်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ကစားသမားဘ၀ အဆုံးသတ်လိုက်ချိန်တွင် ဒမ့်ဆေးမှာ အသက်အားဖြင့် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

ဒမ့်ဆေးသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကလပ်အသင်းလေးခုကို ကိုယ်စားပြု၍ ကစားပေးခဲ့ပြီး ဒမ့်ဆေး၏ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘ၀ဖြတ်သန်းမှုမှာ ၁၄ နှစ် ကြာမြင့်ခဲ့သည်။

ဒမ့်ဆေးသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း အမေရိကန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်ပေါင်း ၁၄၁ ပွဲ ပါဝင်ကစားပေးခွင့်ရခဲ့ပြီး ယင်းပွဲစဉ် ၁၄၁ ပွဲတွင် ဒမ့်ဆေးက အမေရိကန်အသင်းအတွက် သွင်းဂိုးပေါင်း ၅၇ ဂိုးအထိ ရယူပေးနိုင်ခဲ့သည်။

ဒမ့်ဆေးသည် အမေရိကန်လက်ရွေးစင်အသင်းကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်ဆက်တိုက် ပါဝင်ကစားခွင့်ရခဲ့သော ပထမဆုံးကစားသမားဖြစ်ပြီး ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဒမ့်ဆေးက ပြောကြားသွားခဲ့သည်။




FOLLOW US