News

03-Jan-2018

Boxing Mike Tyson Weed USA
ကယ်လီဖိုးနီးယားတွင် ဆေးခြောက်စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ် မိုက်တိုင်ဆန် လုပ်ဆောင်မည်

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၃

သံမဏိမိုက်ဟု အမည်ပြောင်ပေးအပ်မှည့်ခေါ်ခြင်းခံခဲ့ရသည့် ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း အမေရိကန်လက်ဝှေ့ကစားသမား မိုက်တိုင်ဆန်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆေးခြောက်စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ် လုပ်ကိုင်ရန် စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

မိုက်တိုင်ဆန်သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် Tyson Ranch အမည်ရ အပန်းဖြေရိပ်သာတစ်ခု တည်ထောင်လိုက်ပြီဖြစ်ပြီး ယင်းအပန်းဖြေစခန်းသို့လာရောက်သူများ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆေးခြောက်စိုက်ခင်းကြီးတစ်ခု စိုက်ပျိုးရန် မိုက်တိုင်ဆန်က စီစဉ်လိုက်ခြင်းဖြစ်သည်။

မိုက်တိုင်ဆန်သည် Tyson Ranch အပန်းဖြေရိပ်သာကို စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် ရောဘတ်ဟစ်ခ်မန်း၊ ဂျိတ်ခ်စထွမ်းမန်းတို့နှင့် အကျိုးတူပူးပေါင်းကာ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယင်းအပန်းဖြေရိပ်သာ၏အကျယ်အ၀န်းမှာ ဧက ၄၀ ရှိကြောင်း USA Today သတင်းစာက အသိပေးထားသည်။

မိုက်တိုင်ဆန်သည် အဆိုပါဧက ၄၀ အနက်မှနေ၍ ဧက ၂၀ တွင် ဆေးခြောက်စိုက်ခင်းများ ထားရှိသွားမည်ဖြစ်ပြီး စိုက်ခင်းကို ကြီးကြပ်ရန်အတွက် ထိပ်တန်းအဆင့် ဆေးခြောက်စိုက်ပျိုးရေးပညာရှင်များကို ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ နည်းပညာအကူအညီကို ရယူ၍ ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်မည့် ဆေးခြောက်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မိုက်တိုင်ဆန်က ပြောကြားထားသည်။

ဆေးခြောက်အသုံးပြုခြင်းသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လွန်ခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ကာ နယ်မြေဥပဒေအရ တရားဝင်ဖြစ်သွားခဲ့ပြီဖြစ်ပြီး ယင်းအတွက် ဆေးခြောက်ကို အမှီပြုသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် မိုက်တိုင်ဆန်က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။




FOLLOW US