News

26-Aug-2016

ပုဂံ UNESCO
ပုဂံရှိ ပျက်စီးသွားသည့် စေတီ၊ ပုထိုးများပြင်ဆင်ထိန်းသိမ်းရေး ယူနက်စကိုကူညီမည်
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း ယူနက်စကို (UNESCO) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဌာနခွဲက မြန်မာနိုင်ငံတွင် ငလျင်ဒဏ် ကြောင့်ပျက်စီးသွားခဲ့ရသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ စေတီ၊ ပုထိုးများ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ကူညီသွားမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။

သြဂုတ်လ၊ ၂၄ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးများခဲ့ရသည့်အပြင် ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများပါ ထိုခိုက်ပျက်စီးခဲ့ရသည့်အပေါ် အလွန်တရာ စိုးရိမ်ပူပန် ရပါကြောင်း ယူနက်စကို အာရှ-ပစိဖိတ်၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့် ရှေးဟောင်း စေတီ၊ပုထိုး ၁၈၄ ဆူခန့် ထိခိုက်ပျက်စီးခဲ့ရရာ မြန်မာယဉ်ကျေးမှု ဝန်ကြီးဌာနက ယဉ်ကျေးမှုဇုန် ၁၁ ခုအတွက် အဖွဲ့ ၁၁ ခုခွဲ၍ တာဝန်ပေးကာ ပျက်စီးဆုံးရှုံးမှုများကို ဆန်းစစ် အကဲဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ မြန်မာအစိုးရ၏ ယင်းလုပ်ဆောင်ချက်များကို ပံ့ပိုးကူညီရန် ယူနက်စကိုဘက်မှ ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ထားကြောင်း ယူနက်စကို၏ ကြေညာချက်အရ သိရသည်။

ယူနက်စကိုအနေဖြင့် မြန်မာအစိုးရနှင့် မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရန်နှင့် ရှေရှည်တည်တံ့ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယူနက်စကိုက ကတိပြုထားသည်။

  • VIA


FOLLOW US