News

ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်း ၃၅၀ ကျောင်း ပိတ်ထားရ
ဘားအံ၊ ဩဂုတ် ၁

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ကျောင်း ၃၅၀ ကို ယာယီပိတ်ထားရကြောင်း ကရင်ပြည်နယ် အခြေခံပညာရေးဦးစီးဌာနထံမှ သိရသည်။

ထိုသို့ကျောင်းများ ပိတ်ထားရရာတွင် ရေကြီးနစ်မြုပ်သဖြင့် ပိတ်ထားရသကဲ့သို့ အချို့ကျောင်းများတွင် ယာယီရေဘေးစခန်းဖွင့်လှစ်ထားသဖြင့် ကျောင်းများကို အချိန်အကန့်အသတ်ဖြင့် ပိတ်ထားရသည့် ကျောင်း ၃၀ ပါဝင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ဇူလိုင်နောက်ဆုံးပတ်အတွင်းမှစ၍ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲ့မြို့များ အပါအဝင် မြို့နယ်အချို့တွင် ရေကြီး ရေလျှံခြင်းများကြောင့် ပိတ်ထားရသည့်ကျောင်း ၃၆၆ ကျောင်းရှိခဲ့ပြီး အချို့ မြို့နယ်များတွင် မြစ်ရေပြန်လည်ကျဆင်းသည့်အတွက် ကျောင်း ၁၆ ကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း ယင်းပြည်နယ်ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယာယီ ရေဘေးစခန်းဖွင့်လှစ်ခြင်းအတွက် ယာယီပိတ်ထားရသည့် ကျောင်းများတွင် ဘားအံမြို့နယ်၌ ၁၄ ကျောင်း၊ လှိုင်းဘွဲ့၌ ၅ ကျောင်း၊ ဖာပွန်၌ ၇ ကျောင်း၊ ကော့ကရိတ်၌ ၂ ကျောင်း၊ မြဝတီ၌ ၂ ကျောင်းတို့ ယာယီပိတ်ထားရကြောင်း ကရင်ပြည်နယ် အခြေခံပညာဦးစီးဌာန၏စာရင်းများအရ သိရသည်။

R-17



FOLLOW US