News

အပြောင်းအရွှေ့ဆိုင်ရာ ငွေသုံးစွဲမှု စည်းမျဉ်းသစ်တစ်ရပ် ထုတ်ပြန်ပြဌာန်းရန် ယူအီးအက်ဖ်အေ စီစဉ်

မိုနာကို၊ ဇန်နဝါရီ ၂၂

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန် မတိုင်မီတွင် အပြောင်းအရွှေ့ဆိုင်ရာ ငွေသုံးစွဲမှု စည်းမျဉ်းသစ်တစ်ရပ် ထုတ်ပြန်ပြဌာန်းရန် စီစဉ်နေပြီဖြစ်ပြီး ယင်းစည်းမျဉ်းသစ်အရ အသင်းများအနေနှင့် ရရှိသောဝင်ငွေထက် ပေါင်သန်း ၉၀ သာ ပိုမိုသုံးစွဲခွင့်ရဖွယ်ရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူ၊ မန်စီးတီးနှင့် ပီအက်စ်ဂျီတို့သည် လက်ရှိဘောလုံးရာသီအတွင်း ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပေါင်သန်း ၁၃၀ ၀န်းကျင်စီ အရှုံးပေါ်ခဲ့ပြီး ဥပဒေသစ်ကို လာမည့်မေလတွင် နောက်ဆုံးထား၍ အတည်ပြုနိုင်စေရန် ယူအီးအက်ဖ်အေတာဝန်ရှိသူများက ဆန္ဒရှိနေကြသည်။

ယူအီးအက်ဖ်အေသည် လက်ရှိထုတ်ပြန်ပြဌာန်းထားသော ဘဏ္ဍာရေးမျှခြေစည်းမျဉ်းတွင် လုပ်ခလစာ ပေးချေမှုအတွက် ပေါင် ၂၆ သန်း အရှုံးငွေပြသခွင့်ပေးထားပြီး ၀င်ငွေ၊ ထွက်ငွေနှင့် လုပ်ခလစာတို့ကို သုံးနှစ်အတွင်း အပြီးသတ် ပြန်လည်ချိန်ညှိမှု ဆောင်ရွက်နိုင်ရမည်ဟုလည်း ယူအီးအက်ဖ်အေက အသိပေးထားသည်။

ယူအီးအက်ဖ်အေသည် လူငယ်မျိုးဆက်သစ်ကစားသမားများ ပိုမိုနေရာရနိုင်စေရန်လည်း စည်းမျဉ်းတစ်ရပ် ရေးဆွဲပြဌာန်းတော့မည်ဖြစ်ပြီး ယင်းစည်းမျဉ်းသစ်ထွက်ပေါ်လာခဲ့ပါက အသင်းတစ်သင်းအနေနှင့် အသင်းလူစာရင်းတွင် ၂၅ နှစ်နှင့်အထက် ကစားသမားအရေအတွက်ကို ၂၁ ဦးသာ ထားရှိခွင့် ရသွားတော့မည်ဖြစ်သည်။




FOLLOW US