News

07-May-2018

Soccer Premier League Arsenal Ozil
နောက်ကျောဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့် ဆုံးရှုံးမည်ကို အိုဇေးလ် စိုးရိမ်

လန်ဒန်၊ မေ ၇

အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် နောက်ကျောဒဏ်ရာရရှိထားသည့်အတွက် အနားယူဆေးကုသခံနေရပြီဖြစ်ပြီး ယင်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့် ဆုံးရှုံးရမည်ကို အိုဇေးလ်က အလွန်အမင်း စိုးရိမ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

အိုဇေးလ်သည် ယင်းဒဏ်ရာကြောင့် အာဆင်နယ်က ဘန်လေကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ဘဲ ပွဲကြည့်စင်ထက်မှနေ၍သာ ပွဲကြည့်သွားခဲ့ရကာ လက်ရှိတွင် အိုဇေးလ်၏ဒဏ်ရာအခြေအနေကို အတိအကျ သိနိုင်စေရန်အတွက် ၎င်းတို့အနေနှင့် စစ်ဆေးမှုများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ထားသည်။

အိုဇေးလ်သည် အက်သလက်တီကိုက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်ခဲ့ခြင်းအတွက် အသင်းပရိသတ်များ၏ဝေဖန်ပြစ်တင်မှုကို ယခုအချိန်တိုင်သည်အထိ ရင်ဆိုင်နေရဆဲဖြစ်ကာ လာမည့်သီတင်းပတ်အတွင်း လက်စတာ၊ ဟတ်ဒါးစဖီးလ်တို့နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်များတွင်လည်း အာဆင်နယ်အတွက် အိုဇေးလ်ပါဝင်ကစားပေးနိုင်ရန်မှာ မရေရာမှုများရှိနေဆဲဖြစ်သည်။

အိုဇေးလ်သည် လက်ရှိဘောလုံးရာသီတွင် အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၃၅ ပွဲ ပါဝင်ကစားပေးခွင့်ရခဲ့ရာ၌ သွင်းဂိုး ငါးဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးကမူ ဂျာမနီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏အုပ်စုအဖွင့်ပွဲစဉ်ကို ဇွန်လ ၁၇ ရက်နေ့သို့ရောက်မှ ကစားရမည်ဖြစ်၍ ယင်းပွဲစဉ်အမီ အိုဇေးလ်မှာ ကြံ့ခိုင်မှုပြည့်ဝလာလိမ့်မည်ဟု ယုံကြည်ထားဆဲဖြစ်သည်။

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများမဲခွဲရာတွင် အုပ်စု(စ)၌ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုနှင့် ဇွန်လ ၁၇ ရက်နေ့တွင်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆွီဒင်နှင့် ဇွန်လ ၂၃ ရက်နေ့တွင်လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားနှင့် ဇွန်လ ၂၇ ရက်နေ့တွင်လည်းကောင်း ဂျာမနီက အသီးသီး ယှဉ်ပြိုင်သွားရလိမ့်မည်ဖြစ်သည်။




FOLLOW US