News

တနိုင်းသို့ ပြင်ပမှ ရိက္ခာအပို သယ်ဆောင်ခွင့် မပြု
ရန်ကုန်၊ မေ ၁၄

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ် တနိုင်းမြို့အတွင်းသို့ ဒုက္ခသည်များကို ကူညီကယ်ဆယ် ပေးသူများအနေဖြင့် ရိက္ခာအပိုသယ်ဆောင်ခွင့် မပြုကြောင်း ထိုဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းဖိုရမ်ကော်မတီ UCCPF အဖွဲ့ဝင်များက ပြောသည်။ 

အဆိုပါ ကော်မတီ၏ မေလ၃ ရက်မှ ၁၁ ရက်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားနှင့် တနိုင်းမြို့ရှိ စစ်ရှောင်ဒုက္ခသည်များအား ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများကို မေလ ၁၄ ရက်နေ့၌ သတင်းသမားများအား ရှင်းလင်းခဲ့ကြပြီး အထက်ပါအချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တနိုင်းမြို့အတွင်း ဝင်ရောက်မည့် ကားများတွင် ကားတစ်စီးကို ဆန်နှစ်အိတ်မှ သုံးအိတ်ခန့်၊ ဆီနှင့် အခြားအစားအသောက်များကိုလည်း ကားပေါ်ရှိ လူဦးရေနှင့်တွက်ချက်၍ အပိုတင်ဆောင်ခွင့်မရကြောင်း အဆိုပါကော်မတီဝင်များက ပြောသည်။

“ဒါက ဖြတ်လေးဖြတ်ပုံစံလို့ ဒေသခံတွေ ပြောနေကြတယ်။ တစ်နည်းပြောရမယ်ဆိုရင် KIA ဘက်ကို ရိက္ခာရောက်မှာကို တားတဲ့သဘော။ ဒါကကောင်းတဲ့ အနေထားတော့ မဟုတ်ဘူး။ ဒေသခံတွေပဲ ပိုဒုက္ခရောက်တာပေါ့ဗျာ”ဟု ယင်းကော်မတီဝင် ဦးစိုးဌေးက ပြောသည်။

တနိုင်းမြို့အောင်လောဒ်ရွာ အနီးတွင် KIA တပ်မဟာ ၂ တည်ရှိပြီး တိုက်ပွဲစတင်ဖြစ်ပွားနေစဉ် ကာလအတွင်း ၎င်းရွာမှာ လူဦးရေနှစ်ထောင်ကျော်မှာ တောတောင်အတွင်းနှင့် တိုက်ပွဲများအကြား ပိတ်မိခဲ့ကြသည်။ 

လက်ရှိအချိန်တွင် ပိတ်မိသူများကို ကယ်ဆယ်ထားသည်ဟု ကချင်ပြည်နယ်အစိုးရက ပြောကြားထားသည်။

ကူညီကယ်ဆယ်ရေးသွားရောက်သည့် အဖွဲ့အချို့ကလည်း တနိုင်းမြို့အတွင်းသို့ ပြင်ပမှ ရိက္ခာသည်ယူခွင့်မှာ ကားတစ်စီးကို ဆန်တစ်အိတ်ခန့်သာ သယ်ခွင့်ပြုပြီး အပိုသယ်ဆောင်ခွင့်မရှိဘဲ မြို့တွင်းမှာသာ ဝယ်ယူရကြောင်းပြောသည်။

“ကျွန်တော်တို့အဖွဲ့ဆိုရင် မြို့တွင်းမှာပဲ ဝယ်ရတယ်။ မြို့ထဲမှာ ပြန်ဝယ်ရတော့ ဈေးကြီးတာပေါ့။ မြို့ထဲမှာကျတော့ ကိုယ်စားလှယ်တွေပဲ တင်သွင်းခွင်ရတယ်လို့ ပြောတယ်”ဟု ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့သည့်အဖွဲ့မှ ကိုထက်အောင်လင်းက ပြောသည်။

ထိုဒေသတွင်း ဆန်အပါအဝင် အခြားအစားသောက်ရိက္ခာ အပိုတင်ဆောင်ခြင်းကို ၂၀၁၇ ခုနှစ်မှစတင်၍ စစ်ဆေးရေးဂိတ်များမှ တားဆီးထားခြင်းဖြစ်ကြောင်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။

“ဟုတ်တယ်ဗျ၊ တပ်မတော်ခွင့်ပြုချက်ပါမှ သယ်ယူပို့ဆောင်ခွင့်ရတာ။ မဟုတ်ရင်တော့ စစ်ဆေးရေးဂိတ်တွေက တားထားမှာပဲ။ ဒါက အခုမှမဟုတ်ဘူး ၂၀၁၇ လောက်ကတည်းကပါ”ဟု ဦးလင်းလင်းဦးက ရှင်းပြသည်။

ယင်းသို့ ပြင်ပရိက္ခာသယ်ယူခွင့် မပြုခြင်းနှင့်ပတ်သက်၍ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထို တနိုင်းဒေသတွင်းရှိ ပြည်သူများမှာ KIA နှင့် ပတ်သက်ဆက်နွှယ်သူများ ရှိသောကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်ဟု ဝေဖန်သူများလည်းရှိနေပြီး ထိုဝေဖန်မှုနှင့်ပတ်သက်၍ ဦးစိုးဌေးက “ဒေသမှာမွေးလို့ ဒီအဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုတာတော့ အဓိပ္ပာယ်မရှိပါဘူး။ ပြည်မဘက်က လာလို့ တပ်မတော်ရဲ့လူလို့လည်း ပြောလို့မရဘူးလေ။ လူသားချင်းစာနာမှု အကူအညီဆိုတာ လူတိုင်းအတွက် ဖြစ်သင့်တာပါ”ဟု ပြောသည်။

ဧပြီလဆန်းမှစတင်၍ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တို့အကြား တိုက်ပွဲများကြောင့် ယင်းပြည်နယ်ရှိ မြို့နယ် ၆ ခုမှ လူဦးရေ ၆,၈၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

UCCPF ကော်မတီကို ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အမြင်များ ပါဝင်နိုင်ရန် ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခုကူညီကယ်ဆယ်ရေး ခရီးစဉ်အတွင်း ပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်အစိုးရ အဖွဲ့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံခဲ့သည်။ 

ဝေလင်း



FOLLOW US