News

14-May-2018

Soccer Premier League Tottenham Harry Kane
ဂိုး ၃၀ သွင်းယူနိုင်ပါလျက်နှင့် ရွှေဖိနပ်ဆုနှင့်လွဲချော်သော ပထမဆုံးကစားသမားအဖြစ် ဟယ်ရီကိန်း မှတ်တမ်းဝင်

လန်ဒန်၊ မေ ၁၄

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတွင် ဘောလုံးရာသီတစ်ရာသီအတွင်း ဂိုး ၃၀ ရယူနိုင်ပါလျက်နှင့် ရွှေဖိနပ်ဆုနှင့်လွဲချော်ရသော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဟယ်ရီကိန်းသည် ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘောလုံးရာသီတို့တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားဆုကို ၂ နှစ်ဆက် ဆွတ်ခူးရယူနိုင်ခဲ့ကာ ၂၀၁၅-၁၆ ဘောလုံးရာသီတွင် သွင်းဂိုး ၂၅ ဂိုးဖြင့်လည်းကောင်း၊ ၂၀၁၆-၁၇ ဘောလုံးရာသီတွင် သွင်းဂိုး ၂၉ ဂိုးဖြင့်လည်းကောင်း ဟယ်ရီကိန်းက ယင်းဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတွင် ဘောလုံးရာသီတစ်ရာသီအတွင်း သွင်းဂိုး ၃၁ ဂိုးရယူနိုင်သည့် ကစားသမားများ ထွက်ပေါ်ခဲ့ဖူးသော်လည်း ယင်းကစားသမားများနှင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သော ကစားသမားများအကြားတွင် သွင်းဂိုးကွာဟချက် အနည်းငယ်ရှိခဲ့ဖူးပြီး ယင်းအတွက် အစဉ်အလာအားဖြင့် ဘောလုံးရာသီတစ်ရာသီအတွင်း သွင်းဂိုး ၃၀ ရယူနိုင်သူမှာ ရွှေဖိနပ်ဆုရရန် အလားအလာကောင်းသည်ဟူသော မှတ်တမ်းတစ်ရပ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် စပါးက လက်စတာကို ငါးဂိုး လေးဂိုးဖြင့် အနိုင်ရရှိခဲ့သော ရာသီသိမ်းပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးကာ ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၃၀ ပြည့်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ပြိုင်ဘက် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်က ရာသီသိမ်းချိန်တွင် သွင်းဂိုး ၃၂ ဂိုးအထိ ရှိနေခဲ့၍ ဟယ်ရီကိန်းက ရွှေဖိနပ်ဆုကို လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

၂၀၁၇-၁၈ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ သွင်းဂိုး ၃၀ နှင့်အထက် ရယူနိုင်သည့် ကစားသမားနှစ်ဦး ထွက်ပေါ်ခဲ့ခြင်းမှာလည်း ထူးခြားချက်တစ်ရပ်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဘောလုံးရာသီ တစ်ရာသီအတွင်း ယင်းသို့ သွင်းဂိုး ၃၀ နှင့်အထက် ရယူနိုင်သည့် ကစားသမားနှစ်ဦး ထွက်ပေါ်ခဲ့သည်မှာ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးပင်ဖြစ်သည်။




FOLLOW US