News

17-Aug-2018

Soccer Premier League Chelsea Willian
ဝီလျံကို ၂ နှစ်သက်တမ်း စာချုပ်သစ် ကမ်းလှမ်းရန် ချယ်လ်ဆီး စီစဉ်

လန်ဒန်၊ သြဂုတ် ၁၇

ချယ်လ်ဆီးအသင်းသည် မန်ယူနည်းပြ မော်ရင်ညို၏ပစ်မှတ်စာရင်းတွင် ပါရှိနေဆဲဖြစ်သော ကွင်းလယ်လူ ဝီလျံကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်နေပြီဖြစ်ပြီး အသက် ၃၀ နှင့်အထက် ကစားသမားများကို တစ်နှစ်ချင်းအလိုက် သက်တမ်းတိုးသည့် မူဝါဒကို ဝီလျံအတွက် ခြွင်းချက်အဖြစ် ပယ်ဖျက်ပေးကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရေးကို လုပ်ဆောင်သွားမည်ဟု ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးက အသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။ 

ဝီလျံသည် လာမည့်သီတင်းပတ်အတွင်း၌ အသက် ၃၀ ပြည့်တော့မည်ဖြစ်ကာ ဝီလျံမှာ လက်ရှိအချိန်တိုင်သည်အထိ စွမ်းဆောင်ရည်ကျဆင်းခြင်း မရှိဘဲ အသင်းအတွက် ကောင်းစွာ အကျိုးပြုကစားပေးနိုင်ဆဲဖြစ်သည်ဟု နည်းပြ ဆာရီကလည်း ထောက်ခံချက် ပေးအပ်ထားသည်။ 

ဝီလျံသည် လက်ရှိတွင် ချယ်လ်ဆီးထံ၌ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁၂၀,၀၀၀ ရရှိနေပြီး စာချုပ်သစ်ကို ၂ နှစ်သက်တမ်းသတ်မှတ်၍ လုပ်ခလစာတိုးမြှင့်ပေးကာ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးက ရှင်းပြထားသည်။ 

ဝီလျံသည် ၎င်းအနေနှင့် ချယ်လ်ဆီးထံတွင် ဆက်ရှိနေသည်မှာ နည်းပြ ကွန်တီကို ရာထူးထုတ်ပယ်၍ ဆာရီကို အစားထိုးခန့်အပ်လိုက်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားထားသည်။



FOLLOW US