News

POST TAGGED AS

SAMI KHEDIRA

08-May-2018

Liverpool Soccer Serie A Juventus Sami Khedira
ခီဒီရာကို ခေါ်ယူရန်အတွက် ဂျူဗင်တပ်နှင့်တွေ့ဆုံဆွေးနွေးရန် လီဗာပူး စီစဉ်

လီဗာပူး၊ မေ ၈

လီဗာပူးအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ဂျူဗင်တပ်ကွင်းလယ်ကစားသမား ခီဒီရာကို ခေါ်ယူရန် စီစဉ်လိုက်ပြီဖြစ်ပြီး ခီဒီရာအပြောင်းအရွှေ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရနိုင်ရန် လီဗာပူးက စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

ဂျူဗင်တပ်သည် အသက် ၂၄ နှစ်အရွယ်ရှိ လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် အကြိုသဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုထားပြီဖြစ်ပြီး အမ်မရီကန်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အသက် ၃၁ နှစ်အရွယ်ရှိ ဝါရင့်ကွင်းလယ်လူ ခီဒီရာကို လီဗာပူးက အလိုရှိနေခြင်းဖြစ်သည်။

ခီဒီရာနှင့် ဂျူဗင်တပ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်မျှသာ ကျန်ရှိတော့မည်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ခီဒီရာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့်အခြေအနေများရှိနေခြင်းကြောင့် ထိုက်သင့်သောပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမည်ဆိုပါက လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ၎င်းကိုရောင်းထုတ်ရန် ဂျူဗင်တပ်က စဉ်းစားလာဖွယ်ရှိနေသည်။

ခီဒီရာသည် ၎င်းအနေနှင့် ဂျူဗင်တပ်ကို စွန့်ခွာဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့၍ ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းမည်ဟု အသိပေးပြောကြားထားပြီး ဂျာမနီလူမျိုးနည်းပြတစ်ဦးဖြစ်သည့် ဂျာဂင်ကလော့ပ် တာဝန်ယူလျက်ရှိသော လီဗာပူးမှာ ခီဒီရာပြောင်းရွှေ့လိုသောအသင်းများအနက်တွင် ထိပ်ဆုံးနေရာက ပါရှိနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ခီဒီရာက “ကျွန်တော့်ရဲ့ကစားသမားဘ၀ဖြတ်သန်းမှုကို ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲကြီးသုံးခုမှာ အချိန်ပေးခဲ့ပြီးပါပြီ။ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ သက်ဆိုင်ရာအသင်းတွေကို ကိုယ်စားပြုပြီး အမှတ်ပေးချန်ပီယံဖြစ်ခွင့်ရခဲ့တာတွေက ကျွန်တော့်အတွက် ကျေနပ်စရာပါပဲ။ ဂျူဗင်တပ်အတွက် ကျွန်တော် လုပ်ပေးနိုင်စွမ်းရှိသမျှကို လုပ်ပေးခဲ့ပြီးပါပြီ။ ဒီနေရာမှာ နောက်ထပ်လုပ်ပြစရာ ကျွန်တော့်အတွက် မရှိတော့ပါဘူး။ ဒါကြောင့် အသင်းပြောင်းဖို့ကို ကျွန်တော် စဉ်းစားသွားတော့မှာပါ။ ဒီတစ်ခါမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ပရီးမီးယားလိဂ်ဆီကို ကျွန်တော် သွားချင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US