News

ရာမို့စ်ကို ဆာလားဟ် အပြစ်မမြင်၊ ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှု ပြည့်ဝဖွယ်ရှိ

မက်ဒရစ်၊ မေ ၃၀

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်းထိခိုက်ဒဏ်ရာရရှိခဲ့သောဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကို အပြစ်မြင်ခြင်း မရှိခဲ့ကြောင်း လီဗာပူးအသင်းကြံ့ခိုင်ရေးမှူး ရူဘင်ပွန်းစ်က ရှင်းပြသွားခဲ့ပြီး လက်ရှိတွင် ဆားလားဟ်မှာ ယင်းဒဏ်ရာကို ကုသမှုခံယူရန်အတွက် စပိန်နိုင်ငံသို့ ရောက်ရှိနေကြောင်း The Mirror က ဖော်ပြထားသည်။

ဆာလားဟ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရာမို့စ်က ၎င်း၏လက်မောင်းကို ဖိညှပ်ထားသည့်အခြေအနေတစ်ရပ်ဖြင့် ဆွဲလှဲခဲ့ခြင်းကြောင့် ပခုံးအဆစ်လွဲချော်သည့်ဒဏ်ရာကို ရရှိသွားခဲ့ပြီး စပိန်နိုင်ငံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာသော ဆာလားဟ်ကို လေဆိပ်တွင် သတင်းထောက်အချို့က ရာမို့စ်၏ပြစ်ဒဏ်ကျူးလွန်မှုအပေါ် မှတ်ချက်စကားပြောကြားပေးပါရန် မေးခွန်းများ မေးမြန်းခဲ့သော်လည်း ၎င်းက မည်သည့်အဖြေစကားကိုမျှ မပြောကြားဘဲ ရေငုံနှုတ်ပိတ်နေသွားခဲ့သည်။

ဆာလားဟ်သည် ရာမို့စ်က ၎င်းကို ဆွဲလှဲလိုက်သည့်ဖြစ်စဉ်ကို မတော်တဆအခြေအနေတစ်ရပ်ဟုသာ ယူဆထားကြောင်း လီဗာပူးအသင်းကြံ့ခိုင်ရေးမှူး ရူဘင်ပွန်းစ်က ဆက်လက် အသိပေးသွားခဲ့ပြီး လက်ရှိတွင် ဆာလားဟ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာသက်သာ၍ ကြံ့ခိုင်မှုပြည့်ဝရန်သာ အာရုံစူးစိုက်မှုအပြည့်ထားရှိနေကြောင်းလည်း ရူဘင်ပွန်းစ်က ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရူဘင်ပွန်းစ်က “အခုအချိန်ထိ ဆာလားဟ်ဆီက ရာမို့စ်ကြောင့်ဆိုတဲ့ အပြစ်တင်စကားကို ကျွန်တော် မကြားရသေးပါဘူး။ သူပြောနေတဲ့စကားက တစ်ခုပဲ ရှိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သူ မလွဲချော်ချင်ဘူးဆိုတာပါပဲ။ ဒီဒဏ်ရာအမျိုးအစားက သုံးပတ်ကနေ လေးပတ်အကြား အချိန်ယူကုသရလေ့ရှိပါတယ်။ ကျွန်တော်တို့ အဲ့ဒါထက် ဘယ်လောက်မြန်မြန် ဒဏ်ရာသက်သာအောင် လုပ်နိုင်မလဲဆိုတာကို အဖြေရှာနေပါတယ်”ဟု ရှင်းပြသွားခဲ့သည်။




FOLLOW US