News

27-May-2018

Soccer Real Madrid Champions League C Ronaldo
ကွင်းအတွင်းဝင်ရောက်လာသော ကျူးကျော်ပရိသတ်ကြောင့် ဂိုးသွင်းခွင့် လွဲချော်ခဲ့ရသည့်အတွက် စီရော်နယ်ဒို ဒေါသပေါက်ကွဲ

ကိဗ်၊ မေ ၂၇

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ပရိသတ်တစ်ဦးကြောင့် ဂိုးသွင်းယူနိုင်မည့်အခွင့်အရေးတစ်ရပ် ဆုံးရှုံးသွားခဲ့ရသည့်အတွက် လွန်စွာဒေါသပေါက်ကွဲနေကြောင်း Marca က ဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပွဲပြီးခါနီး နာကျင်အချိန်ပို၌ ဂိုးသွင်းယူနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ပိုင်ဆိုင်ရရှိခဲ့ကာ အဆိုပါကာလအပိုင်းအခြားတွင် ဘောလုံးကွင်းအတွင်းသို့ ပရိသတ်တစ်ဦး ကျူးကျော်ဝင်ရောက်လာသည့်အတွက် ကွင်းလယ်ဒိုင်လူကြီး မာဇစ်က ပွဲကစားနေသည်ကို ရပ်တန့်ရန် ခရာမှုတ်၍ အချက်ပေးလိုက်ရသည်။

ကွင်းလုံခြုံရေးတာဝန်ကျဝန်ထမ်းများသည် ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ ပရိသတ်ကို အလျင်အမြန် ဖမ်းဆီးထိန်းသိမ်းကာ ကွင်းပြင်သို့ ပြန်လည်ဆွဲထုတ် ခေါ်ယူသွားနိုင်ခဲ့ပြီး စီရော်နယ်ဒိုမှာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း စံချိန်မှတ်တမ်းသစ်တစ်ရပ်ကို ရေးထိုးစိုက်ထူနိုင်မည့် အခွင့်အရေးတစ်ရပ်ကို လက်လွှတ်လိုက်ရခြင်းကြောင့် ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါက ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲလေးခုတွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားဟူသော စံချိန်ကို တင်ရှိနိုင်ခဲ့မည်ဖြစ်ပြီး ယင်းအခွင့်အရေးမှာ ထိရောက်စွာ အသုံးချနိုင်ခဲ့မည်ဆိုပါက ဂိုးရရှိရန် လွန်စွာနီးစပ်သောအခြေအနေတွင်ရှိခဲ့ကြောင်း ရုပ်သံမှတ်တမ်းများတွင် မြင်တွေ့ကြရသည်။




FOLLOW US