News

အခက်ခဲဆုံးနောက်ခံလူအဖြစ် အက်ရှ်လေကိုးလ်ကို စီရော်နယ်ဒို ရွေးချယ်၊ မိမိမှာ အားလုံးနှင့်ကွဲပြားသော ကစားသမားဟု ၀င့်ကြွား

 

မက်ဒရစ်၊ မေ ၂၆

 

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကျော်ဖြတ်ရ အလွန်ခက်ခဲသော နောက်ခံကစားသမားဟူ၍ တစ်ဦးတည်းသာ ရှိခဲ့ဖူးပြီး ယင်းကစားသမားမှာ အာဆင်နယ်နှင့် ချယ်လ်ဆီးနောက်ခံကစားသမား အက်ရှ်လေကိုးလ်ဖြစ်သည်ဟု ၎င်းက ပြောကြားသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။

 

ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးတို့၏ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီတွင် အယ်လ်ချီရင်ဂွီတို ရုပ်သံဌာနက စီရော်နယ်ဒိုနှင့်တွေ့ဆုံ၍ လီဗာပူးခံစစ်မှူး ဗန်ဒစ်ဂ်ျမှာ ၎င်းအတွက် အတားအဆီးတစ်ခု ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာ၌ စီရော်နယ်ဒိုက ၎င်းအတွက် ခက်ခဲသော ခံစစ်မှူးဟူသည်မှာ အက်ရှ်လေကိုးလ်တစ်ဦးတည်းသာရှိကြောင်း ယင်းသို့ အဖြေပေးသွားခဲ့ခြင်းဖြစ်ပြီး အက်ရှ်လေကိုးလ်၏လူကပ်ကစားမှုဖြင့် ကြုံဆုံရချိန်တိုင်း၌ ၎င်းမှာ အကျပ်အတည်းတွေ့ခဲ့ရသည်ဟု စီရော်နယ်ဒိုက ဖွင့်ဟ၀န်ခံသွားခဲ့သည်။

 

စီရော်နယ်ဒိုသည် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်နှင့် ၎င်းအကြားတွင် နှိုင်းယှဉ်သည်မှာလည်း မလုပ်သင့် မလုပ်အပ်သော အကြောင်းအရာတစ်ခုသာဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီး မော်ဒန်ခေတ်ဘောလုံးလောကတွင် ၎င်းကဲ့သို့ ကစားနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိကြောင်း၊ ၎င်းမှာ အားလုံးနှင့် ပုံစံကွဲထွက်နေသော ကစားသမားတစ်ဦးဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။

 

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် စီရော်နယ်ဒိုက လူတွေက ကျွန်တော့်ကို တခြားသော ကစားသမားတွေနဲ့ အရမ်းပဲ နှိုင်းယှဉ်ချင်ကြပါတယ်။ အခုလည်း ဆာလားဟ်နဲ့ နှိုင်းယှဉ်နေကြပြန်ပါပြီ။ ဆာလားဟ်နဲ့ ကျွန်တော်က ဘယ်လိုမှကို မတူညီပါဘူး။ သူက ဘယ်သန်ပါ။ ကျွန်တော်က ညာသန်ဖြစ်ပါတယ်။ ကျွန်တော်က အရပ်ရှည်ပါတယ်။ ဆာလားဟ်က ကျွန်တော်နဲ့ယှဉ်ရင် အရပ် အနည်းငယ်တိုနေတာကို မြင်ကြရမှာပါ။ ခြေစွမ်းချင်း နှိုင်းယှဉ်နေတာတွေအတွက်တော့ အခုအချိန်မှာ ဘာမှ မပြောလိုသေးပါဘူး။ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားတဲ့အချိန်ရောက်ရင် ဘယ်သူက ပိုကောင်းတဲ့ကစားသမားဆိုတာ အားလုံးမြင်ကြရပါလိမ့်မယ်ဟု အသိပေးသွားခဲ့သည်။




FOLLOW US