News

14-May-2018

Liverpool Soccer Premier League Mourinho Salah
မော်ရင်ညိုက ၎င်းစွမ်းဆောင်ပြသည်များကြည့်၍ ပျော်ရွှင်နေမိသည်ဟု ချီးကျူးစကားဆိုခဲ့ကြောင်း ဆာလားဟ် ဖွင့်ဟ

လန်ဒန်၊ မေ ၁၄

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် မန်ယူအသင်းကို တာဝန်ယူကိုင်တွယ်နေသည့် ၎င်း၏ဆရာဟောင်း မော်ရင်ညိုက ၎င်းကို ချီးကျူးစကားများပြောကြားနေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး မော်ရင်ညိုမှာ လက်ရှိအချိန်တွင် ၎င်းစွမ်းဆောင်ပြသည်များကိုကြည့်၍ လွန်စွာကျေနပ်ပျော်ရွှင်လျက်ရှိသည်ဟု ဆာလားဟ်က မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ဆာလားဟ်သည် လက်ရှိဘောလုံးရာသီတွင် လီဗာပူးအသင်းက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ဘောလုံးအားကစားကလောင်ရှင်များအစည်းအရုံးက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားများအစည်းအရုံးက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၏တစ်နှစ်တာဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားဆုကိုလည်း ဆာလားဟ်က စံချိန်သစ်တစ်ရပ်ဖြင့် ရရှိသွားခဲ့ပြီဖြစ်သည်။

ဆာလားဟ်သည် လက်ရှိဘောလုံးရာသီတွင် လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲ ပါဝင်ကစားပေးခွင့်ရရှိခဲ့ရာ၌ သွင်းဂိုး ၃၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၁ ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးအရေအတွက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် ရွှေဖိနပ်ဆုရယူနိုင်သည့် ကစားသမားတစ်ဦး၏စံချိန်တင်သွင်းဂိုးအရေအတွက် ဖြစ်သွားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ရာသီလျှင် စုစုပေါင်းပွဲစဉ်အရေအတွက် ၃၈ ပွဲစနစ်ဖြင့် ကျင်းပချိန်၌ ဂိုးအများဆုံးသွင်းယူရရှိသည့်ကစားသမားဖြစ်သူ၏သွင်းဂိုးစံချိန်မှာ ၃၁ ဂိုးဖြစ်ပြီး ယင်းစံချိန်ကို ဆာလားဟ်က သွင်းဂိုး ၃၂ ဂိုးဖြင့် ချိုးဖျက်ကျော်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။

ဆာလားဟ်သည် နည်းပြမော်ရင်ညို၏ခေါ်ယူမှုဖြင့် ချယ်လ်ဆီးထံသို့ ရောက်ရှိကာ ပရီးမီးယားလိဂ်စိန်ခေါ်မှုများကို စတင်ရင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး နည်းပြမော်ရင်ညိုက ၎င်းကို နေရာမပေးခဲ့သည့်အတွက် ဆာလားဟ်မှာ အဆုံးသတ်တွင် ချယ်လ်ဆီးကို စွန့်ခွာရသည်အထိ ဖြစ်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆာလားဟ်က “ဒီနှစ်မှာ မန်ယူနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲ ကစားမယ့်အချိန်ရောက်တော့ နည်းပြမော်ရင်ညိုနဲ့ ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ကျွန်တော်ကတော့ “ဟိုင်း”လောက်ပဲ သူ့ကို နှုတ်ဆက်ခဲ့တာပါ။ သူကတော့ ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော် စွမ်းဆောင်ပြနေတာတွေကိုကြည့်ပြီး အရမ်းပဲ ကျေနပ်ပီတိဖြစ်ရတယ်လို့ ကျွန်တော့်ကို ချီးကျူးစကားဆိုသွားခဲ့ပါတယ်။ အခုအချိန်ထိ မော်ရင်ညိုကို ကျွန်တော် ကျေးဇူးတင်နေဆဲပါပဲ။ သူ့ကြောင့်ပဲ ပရီးမီးယားလိဂ်စိန်ခေါ်မှုတွေကို အသက်ငယ်ငယ်နဲ့ ရင်ဆိုင်ဖို့ ကျွန်တော် အခွင့်အရေးရခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US