News

13-May-2018

Liverpool Soccer Premier League Salah
ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆာလားဟ် ဆွတ်ခူး

လီဗာပူး၊ မေ ၁၃

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက ၂၀၁၇-၁၈ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

ဆာလားဟ်သည် ယခုမတိုင်မီတွင် ပရော်ဖက်ရှင်ဘောလုံးကစားသမားများအစည်းအရုံးက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ဘောလုံးအားကစားကလောင်ရှင်များအစည်းအရုံးက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် လီဗာပူးအသင်းက ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုများကို ဆွတ်ခူးရရှိခဲ့ပြီးပြီဖြစ်ကာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ခြင်းအတွက် အတိုင်းထက်အလွန် ကျေနပ်ဂုဏ်ယူမိပါကြောင်း ဆာလားဟ်က ဖွင့်ဟပြောကြားသွားခဲ့သည်။

ဆာလားဟ်သည် မန်ယူဂိုးသမား ဒီဂီယာ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ ဘန်လေနောက်ခံလူ တာကောစကီး၊ မန်စီးတီးကစားသမားများဖြစ်သော ဒီဘရိုင်နေးနှင့် စတာလင်းတို့ကို ကျော်ဖြတ်၍ ယခုဆုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီး၏အစွန့်ပစ်ခံဖြစ်ခဲ့ရသည့်ဘ၀ကို ယခုဆုနှင့်အတူ ပြန်လည်ချေဖျက်ပြလိုက်နိုင်ပြီဖြစ်ကြောင်းလည်း ဆာလားဟ်က ၀င့်ကြွားဂုဏ်ယူသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆာလားဟ်က “ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုက ကျွန်တော့်အတွက် အရမ်းကို အရေးပါတဲ့ဆုတံဆိပ်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အတိတ်ကာလတုန်းက ကျရှုံးမှုတွေနဲ့ ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့ရတာပါ။ အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့လုပ်ရပ်ဟာ မှားယွင်းကြောင်း ကျွန်တော် သက်သေပြလိုက်နိုင်ပါပြီ။ ဒါဟာ ကျွန်တော့်ဘ၀အတွက် အရမ်းကို အရေးပါတဲ့ အခိုက်အတန့်တစ်ခုပါပဲ”ဟု အသိပေးသွားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဆာလားဟ်သည် လက်ရှိဘောလုံးရာသီတွင် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဖေဖော်ဝါရီနှင့် မတ်လတို့၌ တစ်လတာအကောင်းဆုံးကစားသမားဆုများကို ဆွတ်ခူးရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးထံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်တိုင်သည်အထိ ကစားသမားဘ၀ဖြတ်သန်းခဲ့ရာတွင် ဆာလားဟ်က ပွဲထွက်ကစားသမားအဖြစ် ပွဲစဉ်ခြောက်ပွဲ၊ အရန်ကစားသမားအဖြစ် ပွဲစဉ်ခုနစ်ပွဲ သာ ပါဝင်ကစားခွင့်ရခဲ့ဖူးသည်။




FOLLOW US