News

ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် အပြုအမူကို လုံးဝမနှစ်သက်ကြောင်း ဆာလားဟ်ကို ဂျာဂင်ကလော့ပ် သတိပေး

လီဗာပူး၊ မေ ၇

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် အသင်းတိုက်စစ်မှူးကို ဆာလားဟ်ကို နောက်နောင်တွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် အပြုအမူကို လုံးဝရှောင်ရှားရန် သတိပေးစကားပြောကြားလိုက်ကြောင်း ဟန်ဆောင်ဒိုင်ဗင်ထိုးခြင်းဟူသည်မှာ ၎င်းမြင်တွေ့လိုသည့် စွမ်းဆောင်ရည်မျိုးမဟုတ်ဟုလည်း ဂျာဂင်ကလော့ပ်က အတိအလင်း ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ဆာလားဟ်သည် ချယ်လ်ဆီးက လီဗာပူးကို တစ်ဂိုး ဂိုးမရှိုဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲကစားချိန် ပထမပိုင်း ၃၉ မိနစ်၌ ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပြစ်ဒဏ်ဘောကန်ခွင့်ရနိုင်ရန် ကြိုးပမ်းခဲ့ပြီး ယင်းလုပ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက မြင်တွေ့သွားခဲ့သည့် ဆာလားဟ်မှာ အဝါကတ်ပြသ သတိပေးခြင်းခံလိုက်ရသည်။

နည်းပြ ဂျာဂင်ကလော့ပ်သည် အခြားသောလီဗာပူးကစားသမားများကိုလည်း ပြိုင်ပွဲတစ်ခုကို သန့်ရှင်းစွာနှင့် တရားမျှတစွာ ယှဉ်ပြိုင်ရန် တိုက်တွန်းသွားခဲ့ပြီး ယင်းသို့ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကတစ်ဆင့် ရရှိလာသော အခွင့်အရေးများမှာ လွန်စွာ ရှက်ဖွယ်ကောင်းလှသည်ဟု ၎င်းအနေနှင့် ခံယူထားကြောင်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးအပ်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျာဂင်ကလော့ပ်က “ဆာလားဟ်ကို ကျွန်တော့်အနေနဲ့ ပြီးပြည့်စုံတဲ့ ထိပ်တန်းကစားသမားတစ်ယောက်အဖြစ်ပဲ မြင်တွေ့ချင်ပါတယ်။ ကွင်းတွင်းကွင်းပြင် နှစ်နေရာလုံးမှာ အမူအကျင့်ပိုင်းဆိုင်ရာကောင်းမွန်မှပဲ ထိပ်တန်းကစားသမားတစ်ယောက်လို့ သူ့ကို အများက လက်ခံမှာပါ။ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုဆိုတာ ထိပ်တန်းကစားသမားတစ်ယောက်အတွက် အရိပ်ဆိုးပါပဲ။ ဒီလိုအမူအကျင့်ရှိတဲ့ ကစားသမားဟာ ပြိုင်ဘက်တွေရဲ့လေးစားမှုကို ဘယ်လိုမှ မရနိုင်ပါဘူး။ သူ့ကို လူလိမ်တစ်ယောက်လို့ပဲ ပြိုင်ဘက်တွေက ရှုမြင်မှာပါ။ ဆာလားဟ်ကို သတိပေးချင်တာက နောက်ကို ဟန်ဆောင်ဒိုင်ဗင်ထိုးပြီး အခွင့်အရေးတောင်းခံတာမျိုးတွေ ထပ်မလုပ်ဖို့ပါပဲ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US