News

30-Mar-2017

NLD SNLD
ရှမ်းပါတီတို့ မှတ်ကျောက်တင်ရမည့် ပွဲ
ရှမ်းပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ်များ၌ အပြိုင်မဲဆွယ်လျက် ရှိသည်။ ရှမ်းပြည်နယ်မှာ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာမည့် ပြည်နယ်လည်း ဖြစ်သည်။

ပါတီကြီးများ အပြိုင်ကြဲမည့် မဲဆန္ဒနယ်ဖြစ်ပြီး ဒေသခံပါတီ အားကောင်းသည့်နေရာ ရှိသလို NLD ပါတီ အမာခံများ ရှိသောနေရာများလည်း ရှိရာ ပိုမိုအကြိတ်အနယ် ရှိလှသည်။

ရှမ်းပြည်နယ်တွင် အကြိတ်အနယ် မဲဆွယ်နေသည့် ပါတီများကတော့ အင်အားတောင့်တင်းလှသည့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ဖြစ်ပြီး ရှမ်းပြည်နယ်အခြေစိုက် ဒေသပါတီများ ဖြစ်သော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ဖြစ်သည်။

SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ လူထုထောက်ခံမှု ဒုတိယအများဆုံး ရရှိခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ ၂၀၁၀ ရွေးကောက်ပွဲ၌ ဒေသခံ SNDP ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးနီးပါး အောင်မြင်မှု ရရှိခဲ့သည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲ၌ SNLD ပါတီ ပြန်လည်ဝင်ရောက် အရွေးကောက်ခံခဲ့ရာ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးနီးပါး အနိုင်ရရှိခဲ့ပြီး SNDP ပါတီသည် ပြည်နယ်လွှတ်တော် နေရာအချို့သာ အနိုင်ရရှိခဲ့သည်။ 

ယခုကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ်မြေ ရှစ်နေရာ ရှိပြီး ပြည်သူ့လွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် ခြောက်နေရာ ဖြစ်သည်။

ကျေးသီးနှင့် မိုင်းရှူး၌ ပြည်သူ့လွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် လေးနေရာနှင့် ကျိုင်းတုံနှင့် ညောင်ရွှေ၌ ပြည်နယ်လွှတ်တော် နှစ်နေရာ လစ်လပ်လျက်ရှိသည်။

ယင်းမဲဆန္ဒနယ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမဲဆန္ဒနယ်များမှာ နယ်မြေမငြိမ်းချမ်းမှုကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ယခုမှသာ ပထမဆုံးအကြိမ် ကျင်းပရခြင်း ဖြစ်သည်။

ကျေးသီးနှင့် မိုင်းရှူးမြို့သည် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည် SSPP/SSA နယ်မြေ ဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော နေရာများလည်း ဖြစ်သည်။

သို့သော် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ အဆိုပါ နယ်မြေများ တည်ငြိမ်မှု ပြန်လည်ရရှိခြင်းကြောင့်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ခွင့်ပြုပေးခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ လစ်လပ်လျက်ရှိသော ကျေးသီးမြို့၌ ဆန္ဒမဲပေးခွင့်ရှိသူ ငါးသောင်းသုံးထောင်ကျော်ရှိပြီး တပ်မတော်သား ဆန္ဒမဲခွင့်ရှိသူ တစ်ထောင့်သုံးရာကျော် ရှိသည်။

မိုင်းရှူးမြို့၌ ဆန္ဒမဲပေးခွင့်ရှိသူ လေးသောင်းလေးထောင်နီးပါး ရှိပြီး တပ်မတော်သား ဆန္ဒမဲပေးခွင့်ရှိသူ လေးရာနီးပါး ရှိသည်။

ရှမ်းအခြေစိုက်ပါတီများ အားကောင်းသည့် ရှမ်းပြည်နယ်တွင် အခြားပါတီများ အနိုင်ရရေးမှာ လွယ်ကူလှသည်တော့ မဟုတ်။

သို့ကြောင့်ပင် ရှမ်းပြည်နယ်ရှိ လစ်လပ်နေရာများ အနိုင်ရရှိရေးအတွက် NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန် ကိုယ်တိုင် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ခဲ့သည်။

ယင်းသို့ပင် ရှမ်းလူထုထောက်ခံမှု များစွာရရှိထားသော SNLD ပါတီကလည်း ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသည်။

SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲသည် လူထုစိတ်ဝင်စားမှု နည်းပါးသော်လည်း နိုင်ငံရေးအရ လွှတ်တော်ရောက်ရှိရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ရှမ်းပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြားနိုင်ငံရေးပါတီများသည် နိုင်ငံရေးအရ လူထုကို လွှမ်းမိုးနိုင်ခြင်း မရှိကြောင်း ဆိုသည်။
“ကြားဖြတ်မှာ ရှမ်းပြည်နယ် လစ်လပ်မဲဆန္ဒနယ်မြေအတွက် ပြိုင်ဘက်ပါတီက ကြံ့ခိုင်ရေးဖြစ်တယ်။ NLD ပါတီက ပြိုင်ဘက်မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဒုတိယအများဆုံး အနိုင်ရသည့်ပါတီ ဖြစ်ခဲ့သည်။

တပ်မတော်သား မဲဆန္ဒရှင် အများစု ရှိနေသည့် အတွက်လည်း ကြံ့ခိုင်ရေးပါတီမှာ ရှမ်းပြည်နယ်တွင် အလားအလာအကောင်းဆုံး ဖြစ်နေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကလည်း “ရှမ်းပြည်အတွက် ပြိုင်ဘက်က NLD မဟုတ်ဘူး၊ SNLD ဖြစ်တယ်” ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ အနေနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်များကို အောင်မြင်မှုရရှိရန် ကြိုးစားထားသော်လည်း လူထု၏ ဆုံးဖြတ်ချက်အပေါ် မူတည်နိုင်ကြောင်း ဦးနန္ဒာလှမြင့်က ပြောဆိုသည်။

ယင်းသို့ပင် လက်ရှိအာဏာရပါတီ ဖြစ်သော NLD ပါတီ အနေနှင့်လည်း အနိုင်ရရန် မျှော်မှန်းချက်ဖြင့် လုပ်ဆောင်နေသည့် မဲဆန္ဒနယ်လည်း ဖြစ်သည်။

NLD ပါတီ ပြောခွင့်ရှိပုဂ္ဂိုလ် ဦးဝင်းထိန်က ကျေးသီးနှင့် မိုင်းရှူးမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအချို့သည် ဒေသခံ လက်နက်ကိုင်များနှင့် ပတ်သက်မှုရှိနိုင်ပြီး ရွေးကောက်ပွဲ၌ မဲမသမာမှုများ ရှိ၊ မရှိကို စောင့်ကြည့်သွားမည်ဖြစ်ကာ ရာနှုန်းပြည့် အောင်နိုင်ရန် ခန့်မှန်းနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။

ယင်းသို့ပင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးကလည်း NLD ပါတီမှ ဝန်ကြီးများသည်  မိခင်ပါတီ အောင်နိုင်ရေးအတွက် ကွင်းဆင်းမဲဆွယ်ပေးလျက် ရှိသော်လည်း ရှမ်းဘာသာစကား အခက်အခဲကြောင့် ခရီးမပေါက်ကြောင်း၊ ကျေးသီးနှင့် မိုင်းရှူးသည် SNLD ၏ နယ်မြေတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ရှမ်းပြည်နယ် စည်းရုံးရေးမှာ အခက်အခဲရှိတယ်။ နောက်ပိုင်းမှာတော့ ရှမ်းစကားပြောတတ်တဲ့ ပုဂ္ဂိုလ်တွေလာပြီး ကူညီဆောင်ရွက်တဲ့အခါ အခြေအနေ တိုးတက်လာပြီလို့ သတင်းပို့တယ်” ဟု ဦးဝင်းထိန်က ဆက်လက်ပြောလိုက်သည်။

ကျေးသီးနှင့် မိုင်းရှူးတွင် NLD ပါတီ အနိုင်ရရေး ခက်ခဲသော်လည်း ပါတီအမာခံနယ်မြေများ ဖြစ်သော ညောင်ရွှေနှင့် ကျိုင်းတုံ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ နှစ်နေရာ၌ NLD ပါတီ အလားအလာ ကောင်းနေသည်။

ယင်းကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်များ၌ အားကောင်းသည့် ဒေသခံပါတီ ဖြစ်သော SNLD က NLD နှင့် ကြံ့ခိုင်ရေး ပါတီတို့ အားကောင်းသည့် နေရာများတွင်ပါ အနိုင်ရပြီး မှတ်ကျောက်တင်ခွင့် ရမည်လား၊ NLD ပါတီက SNLD နယ်မြေများတွင် အနိုင်ယူသွားမည်လား ဆိုသည်မှာ ကြိုတင်မှန်းဆရ ခက်နေသေးသည်။ 

ယင်းအပြင် ကြံ့ခိုင်ရေးပါတီကလည်း အမာခံမဲများ ရှိနေရာ SNLD ပါတီ ရနိုင်သည့်မဲများ ဆုံးရှုံးကာ မထင်မှတ်သည့်ရလဒ်များ ထွက်မလာဟု မပြောနိုင်သေး။

သို့သော် ဒေသခံများ၏ ထောက်ခံမှု အခိုင်အမာ ရထားသည့် SNLD ပါတီ အတွက်တော့ မည်မျှမာကြောကြောင်း ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မှတ်ကျောက်တင်ခွင့်ရပြီ ဖြစ်သည်။

ကျော်စိုးဦး



FOLLOW US