News

88 နှင့် NLD တို့ ဖတ်ပေးပါ
မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ တစိုက်မတ်မတ် လှုပ်ရှားပါဝင် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက အဓိကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မမီးမီးဟာ ၁၃-၈- ၂၀၁၈ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနီး ယာဉ်တိမ်းမှောက်မှုကြောင့် ဆုံးပါးခဲ့ရပါတယ်။ ဒီမိုကရေစီရဲဘော်ရဲဘက်တွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ၈-၈-၈၈ ရက်နေ့မှာစတင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ ယခု ၈-၈-၂၀၁၈ ရက်နေ့မှာ အနှစ် ၃၀ ပြည့်မြောက်ခဲ့ပါပြီ။ တိုက်ပွဲတွေ မပြီးဆုံးခင်မှာ ကြွေလွင့်ခဲ့ရတဲ့ကြယ်တစ်ပွင့်အတွက် အားလုံးက ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ 

မပြီးဆုံးသေးတဲ့တိုက်ပွဲဆိုတာက 

(၁) လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေအရ မတူကွဲပြားပြီး အရောင်အသွေးမျိုးစုံနဲ့ ဖြစ်ပေါ်ရပ်တည်နေတဲ့ ဒီမိုကရေစီအခွင့်အရေးဆိုင်ရာဆုံးရှုံးမှုတွေ၊ 

(၂) အသွင်သဏ္ဌာန်ကွဲပြားတဲ့ နယ်ပယ်ပေါင်းစုံက အခက်အခဲအမျိုးမျိုးတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အဓမ္မလုပ်ဆောင်မှုတွေ

(၃) အသီးကင်းစအရွယ် မြန်မာ့ဒီမိုကရေစီ အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနှောင့်ယှက်နေကြတဲ့သူတွေ (စနစ်ဟောင်းအာဏာရှင် မျိုးဆက်တွေနဲ့ ဒီမိုကရေစီ အရေခြုံအခွင့်အရေးသမား အာဏာရှင် မျိုးဆက်တွေ) ရဲ့ အန္တရာယ်တွေ အစရှိတာတွေကနေ လွတ်မြောက်အောင် တိုက်ရဦးမယ့်တိုက်ပွဲကို ဆိုလိုချင်တာပါ။

လက်ရှိအခြေအနေအရ မပြီးဆုံးသေးတဲ့တိုက်ပွဲကို ဝင်နေကြဆဲမှာ ၈၈၈၈ အရေးအခင်းကာလက သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြသူတွေ ရဲဘော်ရဲဘက်တွေ ကြယ်ကြွေသလို တဖြုတ်ဖြုတ်ကြွေလွင့်နေကြသလို စည်းလုံးညီညွှတ်မှုတွေလည်း တဖြည်းဖြည်းနဲ့ ပြိုကွဲနေတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ၈၈၈၈ အရေးအခင်းတိုက်ပွဲ ဝင်စဉ်က ဦးတည်ချက်တစ်ခုတည်းရှိတာမို့ အတူလက်တွဲနိုင်ခဲ့ပေမယ့် ယနေ့ကာလမှာတော့ မိမိရဲ့အတ္တ၊ မာနနဲ့ လူ့သဘာဝ လူ့လောဘတွေရဲ့ သဘောသဘာဝအတိုင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြ ပုတ်ခတ်ကြ၊ ဝေဖန်ကြနဲ့ မြင်ရကြားရတာ အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါတယ်။

၈၈၈၈ အရေးတော်ပုံဟာ အခုနှစ်ဆိုရင် နှစ် ၃၀ ပြည့်ပါပြီ။အခု လက်ရှိနိုင်ငံရေး အခန်းကဏ္ဍတွေမှာ တာဝန်ယူနေကြတဲ့ အသက် ၄၀ ဝန်းကျင်တွေဟာ အရေးအခင်းကာလမှာ အသက် ၁၀ နှစ်အရွယ်သာရှိပါတယ်။ အရေးအခင်းမှာ လှုပ်ရှားခဲ့ကြတဲ့ ၂၀ ဝန်းကျင်ကျောင်းသားတွေ၊ လူပုဂ္ဂိုလ်တွေက အခုဆို အသက် ၅၀ တန်းကိုရောက်ပါပြီ။ အသက် ၃၀ တန်းက အခု ၆၀ တန်းပါ။ အသက် ၄၀ တန်း နိုင်ငံရေးသမားတွေ ၈၈၈၈ အရေးတော်ပုံကာလမှာ အသက်အရွယ်ငယ်သေးတာမို့ တချို့ဆိုရင် ထဲထဲဝင်ဝင် သိချင်မှသိမှာပါ။ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေမှာလည်း လေးနက်မှုတွေလျော့နည်းနိုင်သလို ၈၈၈၈ အရေးအခင်းကို ပုံရိပ်ဆိုးအဖြစ် မြင်သူတွေလည်း ရှိနိုင်ပါတယ်။

၈၈၈၈ အရေးတော်ပုံရဲ့သမိုင်းကို မြန်မာ့နိုင်ငံရေးပုံရိပ်ဆိုးတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာ့သမိုင်းကနေ ပျောက်ကွယ်သွားအောင် ဖန်တီးနေကြတဲ့ ပုဂ္ဂိုလ်တွေရှိနေဆဲ ဖြစ်ပါတယ်။ ၈၈၈၈ အမှတ်တရတွေကို မှေးမှိန်သွားအောင် ဆောင်ရွက်နေကြဆဲပါ။ အခက်အခဲမျိုးစုံတွေအကြားကနေ ဒီမိုကရေစီရဲဘော်ရဲဘက်တွေက ၈၈၈၈ ပုံရိပ်တွေကို မပျောက်ပျက်အောင်ကြိုးစားခဲ့ကြတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအသက်ဝင်ပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားတွေ သူ့ထက်ငှာ ကျင်းပကြ၊ အမှတ်ရ အောက်မေ့ကြနဲ့ စည်ကားစွာ သိုက်မြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ အဲဒီလိုအခမ်းအနားမျိုးတွေ နည်းပါးသွားတာကို သတိပြုမိပါတယ်။ ကချင်ပြည်နယ်မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာတောင် အဆိုပါအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာမျိုးမရှိတဲ့အပြင် ဝန်ကြီးအဖွဲ့ဝင်တချို့၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဆို အဆိုပါနေ့မှာ နယ်မြို့တွေကိုဆင်းပြီး တွေ့ဆုံပွဲတွေ၊ အစည်းအဝေးတွေ လာရောက်ဆောင်ရွက်ခဲ့တာကြောင့် အဆိုပါမြို့နယ်က NLD ခေါင်းဆောင်ပိုင်းတွေလည်း အထိမ်းအမှတ်အခမ်းအနားကို မတက်ရောက်နိုင်ဘဲ ဝန်ကြီးတွေ ကြိုရ၊ လွှတ်တော်ကိုယ်စားလှယ် ခေါင်းဆောင်ပိုင်းတွေကို ကြိုဆိုကြရနဲ့ ကိုယ့်မြို့ ကိုယ့်အခမ်းအနားတွေ စည်စည်ကားကား မပြုနိုင်ခဲ့တာကို တွေ့ရပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့ ကန်သာယာပန်းခြံမှာပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံးအခမ်းအနားကို နှစ်စဉ်သဝဏ်လွှာပေးပို့နေကျ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာဟာ ဒီနှစ်မှာ မပေးပို့ခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ အခုလို NLD အစိုးရတစ်ရပ် ဖြစ်ပေါ်နိုင်ခဲ့ခြင်းရဲ့ အခြေခံအကျဆုံးအရာက ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်တဲ့အကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ဆိုပြီး တစ်နိုင်ငံလုံး လက်ခံသွားစေတာ ရှစ်လေးလုံးအရေးတော်ပုံသာဖြစ်ကြောင်းနဲ့ ရှစ်လေးလုံးအရေးတော်ပုံကို စတင်အသက်သွင်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဖော်ထုတ်ဝိုင်းရံခဲ့ကြတာဖြစ်ကြောင်း တစ်ယောက်တစ်ပေါက် ဆိုခဲ့ပြောခဲ့ကြပါတယ်။ 

အရေးအခင်းကာလမှာ အလွန်စည်းလုံးညီညွှတ်ခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေ အချင်းချင်းအကြားမှာ ဆက်ဆံရေးတွေ တစ်နေ့တခြား အေးခဲလာပြီလားဆိုတဲ့မေးခွန်းကို ဖြေကြည့်ပေးပါဆိုရင် အင်းဟုတ်တာပေါ့ဆိုတဲ့ အဖြေကို ကျွန်တော်တို့တစ်တွေ ဖြေရမှာ အင်မတန်ကြောက်ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံကြောင့် မြို့နယ်တိုင်းမှာရှိနေတဲ့ အမာခံခေါင်းဆောင်တွေ အချုပ်တွေထောင်တွေထဲကနေ ထွက်မလာခင်မှာဘဲ NLD ပါတီထူထောင်ခဲ့တဲ့ သတင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက်စည်းရုံးတဲ့ သတင်းတွေကို သံတိုင်တွေအကြားကနေ နားစွင့်ရင်း ဝမ်းသာအားရဖြစ်ခဲ့မိကြတာ အမှန်ပါ။ ကျွန်တော်တို့တစ်တွေ အချုပ်ကနေလွတ်တော့ NLD မှာ တာဝန်ယူနေတဲ့ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေဟာ အရေးအခင်းကာလမှာ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသူတွေဖြစ်ပေမယ့်လည်း လူမှန်နေရာမှန်တွေဖြစ်မှာပါဆိုပြီး ကျွန်တော်တို့ မုဒိတာပွားကြစို့ဆိုပြီး အချင်းချင်း အားပေးစကားပြောခဲ့ကြတာကို အမှတ်ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံသူ တွေအတော်များများဟာလည်း အရေးအခင်းမှာ ပါဝင်ခဲ့သူတွေမဟုတ်တာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံအတွက်၊ ပြည်သူလူထုအတွက် ပေးဆပ်လိုတဲ့စိတ်ရှိသူတိုင်း နိုင်ငံအတွက် အတူလုပ်ဆောင်ကြမယ်ဆိုတဲ့ သူမှန်သမျှကို လက်ကမ်းကြိုဆိုကြရမှာ ကျွန်တော်တို့တစ်တွေရဲ့ တာဝန်ပါ။ မုဒိတာတရားနဲ့ လက်ခံကြရမှာပါ။ 

မုဒိတာမပွားနိုင်တဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။ ၈၈၈၈ အရေးအခင်းမှာ တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး NLD ပါတီကို ဆက်သွယ်ခဲ့ပေမယ့် နေရာမပေးဘဲ ချောင်ထိုးခံရလို့ ပါတီကနေ ပြန်ထွက်လာသူတွေလည်း အများအပြားပါ။ NLD ကနေထွက်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံကြသူတွေလည်း ရွေးကောက်ပွဲမှာ အောင်ခဲ့ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ လူကိုမကြည့်ဘဲ ပါတီကိုသာကြည့်ပြီး မဲပေးကြပါဆိုတဲ့ NLD ပါတီကို ပြည်သူလူထုနဲ့အတူ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ဦးဆောင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေအပါအဝင် တစ်နိုင်ငံလုံးမှာရှိနေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဝိုင်းရံခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးဟာ NLD မှာဝင်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံဖို့ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ပေမယ့်လည်း ၈၈ကျောင်းသားတွေဟာ NLD ကိုဝိုင်းရံခဲ့ကြတဲ့အပြင် တစ်နိုင်ငံလုံးမှာရှိခဲ့ကြတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်အားလုံး NLD ကို ဝိုင်းရံခဲ့ကြတာပါ။ ဦးကိုကိုကြီးကို ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် NLD က မရွေးချယ်ခဲ့တဲ့ဖြစ်ရပ်ဟာ ကျောင်းသားခေါင်းဆောင်အုပ်စုနဲ့ NLD ပါတီခေါင်းဆောင်တွေအကြား အဖုအထစ်တစ်ခု စတင်ဝင်ရောက်စေတဲ့အဖြစ်အပျက်လို့ ပြောနိုင်ပါတယ်။

တပ်မတော်အပေါ်မှာ သဘောထားတင်းမာတဲ့ ကျောင်းသားအုပ်စုကို အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို အဓိကထားလျှောက်လှမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့အတွင်းကို ထည့်သွင်းဖွဲ့စည်းရမှာ အခက်အခဲရှိနေလို့များလား၊ ဒါမှမဟုတ် NLD မှာ နေရာရပြီးသူတွေအနေနဲ့ မိမိနေရာကို ဖယ်ပေးရမှာစိုးရိမ်လို့များလား၊ ဒါမှမဟုတ် NLD ရဲ့ မိတ်ဆွေအကြံပေး သူရဦးရွှေမန်းရဲ့အဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေကိုချန်ရစ်ခဲ့ဖို့ အကြံများပေးလေရော့သလား ကျွန်တော်တို့အားလုံး အဖြေတိတိကျကျ မထုတ်နိုင်ဘဲ ဒွိဟဖြစ်ပြီး ဆွံ့အစေခဲ့တာအမှန်ပါ။ NLD နဲ့ ကျောင်းသားအုပ်စုအကြား၊ ကျောင်းသားအုပ်စုတွေ အချင်းချင်းအကြား ငွေကုန်ကြေးကျခံပြီး သွေးခွဲသပ်လျှိုတဲ့စနစ်နဲ့ စနစ်တကျ ဖျက်ဆီးနေတဲ့ အဖွဲ့ရှိနေပြီလားဆိုတာကိုလည်း သံသယဖြစ်ခဲ့ကြပါတယ်။ 

ဒီနှစ်မှာ ဦးကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်တချို့ ပါတီထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီမိုကရေစီရဲဘော်ရဲဘက်တွေအကြား သဘောကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ကြတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ စိတ်ချင်းတူရင်၊ နိုင်ငံအကျိုးကို လိုလားတာချင်းတူရင် သူ့ပါတီမှ၊ ငါ့ပါတီမှဆိုတဲ့ အစွဲကိုချွတ်ပြီး အတူယှဉ်တွဲလုပ်ကိုင်ဖို့ ကြိုးစားရမယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။

NLD ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့ချိန်မှာ NLD ကို အားလုံးက မျှော်လင့်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ အားကိုးခဲ့ကြပါတယ်။ ယနေ့ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးလုပ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နှစ်ပေါင်း ၆၀ ကျော်တိုက်ခိုက်နေကြပေမယ့်လည်း ယနေ့အထိ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းနေရာတစ်နေရာကိုမျှ မရရှိသေးတဲ့ အချိန်မှာ အပ်တိုတစ်ချောင်းကိုမျှ ကိုင်စွဲခြင်းမရှိဘဲ ယနေ့မြန်မာနိုင်ငံရေး ကိုဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ပိုင်းနေရာတစ်နေရာကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းက ပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒါပေမဲ့ သူမနဲ့အတူ သူမဖြစ်ချင်တဲ့ဆန္ဒတွေ၊ အိပ်မက်တွေဖြစ်လာအောင် ပူးပေါင်းဆောင်ရွက် နိုင်တဲ့ပုဂ္ဂိုလ်၊ ခေါင်းဆောင်တချို့သာရှိခဲ့ပြီး အများစုက အစေ့အဆန်မပါတဲ့ စပါးနှံတွေသာပေါက်ရောက်နေတဲ့ ထိုးထိုးထောင်နဲ့ အရုပ်ဆိုးလှတဲ့ စပါးခင်းတွေကိုသာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်။

NLD အစိုးရဖြစ်ပြီး သုံးနှစ်အတွင်းကို ရောက်ရှိလာခဲ့တဲ့အချိန် မှာ အရေးကြီးပါတယ်ဆိုတဲ့ အောက်ပါကဏ္ဍတွေကို တစ်ချက်ချင်းကြည့်ရင်- (ပညာရှင်အမြင်နဲ့မဟုတ်ဘဲ အရပ်သားအမြင်၊ ပြည်သူလူထုအမြင် ဖြစ်တာမို့ မပြည့်စုံရင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိတယ်ဆိုတဲ့အချက်ကို အားကိုးထားပါတယ်။)

(၁) ငြိမ်းချမ်းရေး

ကြီးကျယ်ခမ်းနားလှတဲ့စကားလုံးတွေ၊ အခမ်းအနားတွေကို အင်မတန်လှပစွာ မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် လက်တွေ့မှာ ရေပေါ်မှာအရုပ် ရေးသလို အရာထင်တာ ဘာမှမရှိဘူးလို့ ဆိုရပါမယ်။ ပြည်သူလူထုအနေနဲ့ ပျင်းရိငြီးငွေ့ဖွယ်ရာ ဇာတ်လမ်းတွဲကြီးတစ်ခုကို ထိုင်ကြည့်နေရသလို ခံစားရပါတယ်။

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

NLD က ကြွေးကြော်ခဲ့တဲ့ ၂၀၁၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ထက် အသစ်ရေးဆွဲခြင်းသည်သာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ စကားသံတွေကို ပြည်သူလူထုအကြားမှာ ပိုပြီးရေပန်းစားလာပါတယ်။

(၃) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်များလာတော့မလိုနဲ့ လူပျိုလှည့်လာသူတွေ ချောင်းကြည့် ပြုံးပြန်အဆင့်နဲသာ ပြီးဆုံးသွားတာများတာမို့ နိုင်ငံတော် အပျိုကြီးဘဝက နိုင်ငံတော်အပျိုဟိုင်းကြီးဘဝကိုသာ တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

(၄) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး

လမ်းတံတားတွေ ပန်းခင်းတစ်ခုလို ပွင့်နိုင်ခဲ့ပေမယ် တစ်မြို့လုံးရဲ့ ရေနုတ်မြောင်းကို အရင်ဆောင်ရွက်ဖို့ ဘတ်ဂျက်မချပေးတာတွေ၊ အဓိကကျတဲ့ ရေနုတ်မြောင်း ဘတ်ဂျက်စနစ်မပါဝင်တဲ့ လမ်းစီမံကိန်းတွေ၊ ချဉ်းကပ်လမ်း ဘတ်ဂျက်မပါဝင်တဲ့ တံတားသစ်တည်ဆောက်ရေး စီမံကိန်းတွေ၊ ရေနုတ်မြောင်းကို ဖျက်ဆီးပစ်တဲ့ လမ်းချဲ့ထပ်ပိုးလွှာစနစ်စီမံကိန်းတွေ ရေနုတ်မြောင်းကို ကျဉ်းမြောင်းသွားစေတဲ့ လမ်းချဲ့လမ်းမြှင့်တင်တဲ့စနစ် စီမံကိန်းတွေ စတဲ့အခြေခံအကြောင်းတရားတွေကြောင့် ရပ်ကွက် မြို့ရွာ မိုးရွာတာနဲ့ ရေဝပ် ရေနစ်တာတွေနဲ့ တွေ့ကြုံရပြီး စိတ်ညစ်ရတဲ့ပြည်သူတွေ များလာပါတယ်။ လမ်းခင်းပြီး မကြာမီပျက်စီးတဲ့လမ်းတွေ များလာပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးလုပ်ငန်းတွေမှာ အရှုံးများပြီး လုပ်ငန်းတွေရပ်နားတာ၊ လျှော့ချတာ၊ အလုပ်သမားလစာပေးချေရမှု အခက်အခဲတွေကြောင့် လုပ်ငန်းတွေရပ်နားခဲ့ပြီး အလုပ်လက်မဲ့များပြားလာတာ၊ ငွေရှင်ကြေးရှင် စီးပွားရေးသမားအများစု စက်ရုံတွေဆောက်ပြီး စီးပွားရေးလုပ်မယ့်အစား ဘဏ်မှာငွေအပ်ပြီး ဘဏ်တိုးထိုင်စားနေသူတွေ များလာလာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါးပြီး ပြည်သူတွေ စားဝတ်နေရေးခက်ခဲလာနေတာတွေ များလာပါတယ်။

(၅) လွှတ်တော်နှစ်ရပ်နဲ့ အစိုးရ

လွှတ်တော်နှစ်ရပ်မှာ အရည်အချင်းရှိသူ ထက်ဝက်လောက် ရှိနိုင်ပါတယ်။ ကျန်ထက်ဝက်က Facebook မှာ သူတို့ရေးသားလာတဲ့ စာကြောင်းဝါကျတွေကို ဖတ်ကြည့်ရင် သတ်ပုံလည်းမမှန်၊ သဒ္ဒါလည်းမှား၊ စာသားအနှစ်သာရကလည်းမရှိတဲ့ အရေးအသားတွေ များပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့၊ စကားလုံးအဓိပ္ပာယ်တွေ နည်းနည်းမှအမှား ခံလို့မရတဲ့ ဥပဒေတွေကို ရေးဆွဲ၊ အတည်ပြု ပြင်ဆင်ပြဋ္ဌာန်းကြရမယ့် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မြန်မာစာသတ်ပုံ၊ သဒ္ဒါလောက်တော့ ကျွမ်းကျင်သင့်ပါတယ်။ ဆွေးနွေးရမယ့် ခေါင်းစဉ်ကတစ်မျိုး၊ သူတင်ပြတဲ့ ဆွေးနွေးချက်ကတစ်မျိုး၊ အမြီးအမောက်မတည့် ပြောဆိုချက်တွေနဲ့ အစိုးရကို ထိန်းကျောင်းရမယ့် လွှတ်တော်ကိုယ်စားလှယ်က အများရှေ့မှာ အရှက်ကွဲနေမှတော့ အစိုးရက သူလုပ်ချင်ရာလုပ်တော့မှာပါ။

NLD ကိုဝင်၊ နေရာယူ အခွင့်ကောင်းတွေယူတတ်တဲ့ လုပ်စားနိုင်ငံရေးသမားတွေက အစိုးရအဖွဲ့မှာ နေရာယူသူတွေ အခုအချိန်မှာ အရည်အချင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြားမှာ ပန်းပန်နေဆဲလို့ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်သူကလူကောင်း၊ ဘယ်သူကလူရိုး၊ ဘယ်သူက လူမှန်၊ ဘယ်သူက လူလည်ဆိုတာ သိဖိုခက်ပါတယ်။ ခန့်ပြီးမှစစ်ဆေး၊ ပြန်ဖြုတ်၊ အစားထိုးဆိုတာတွေ လုပ်နေရမှာမှန်ပေမယ့် ပါတီရဲ့မူဝါဒကိုမပြုပြင် မပြောင်းလဲနိုင်ဘူးဆိုရင် တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာမဟုတ်ဘူးလို့ ဆိုရပါမယ်။

ဒါဆိုရင် NLD ဘာလုပ်သင့်သလဲ။ ကျွန်တော်ဉာဏ်မီသလောက်တော့ အကြံပြုချင်ပါတယ်။ ပြည်သူလူထုအတွင်းက အကြံပြုချက်တွေကိုပါ ပေါင်းစည်းတင်ပြပါတယ်။

(၁) ပါတီစည်းရုံးရေးမူဝါဒကို ပြင်ပါ

ငါတို့ပါတီက အာဏာရပါတီ ဒေါ်အောင်ဆန်းစုကြည်ပါတီဖြစ်သည်။ ပါတီဝင်လိုသူဟာ သူဟာသူလာလိမ့်မည်ဆိုပြီး အပေါ်စီးစိတ်ကို ဖျောက်ပါ။ မိမိသည်ခေါင်းဆောင်ဖြစ်၍ တွေ့သူတိုင်းက မိမိကိုဦးစွာအရို အသေပေးရမည်၊ ခရီးဦးကြိုပြုရမည်ဆိုတဲ့ စိတ်ကိုဖျောက်ပြီး ပြည်သူကို မိမိက အရင်နှုတ်ဆက်ပါ၊ ခရီးဦးကြိုပြုပါ။ အပြုံးလက်ဆောင်ပေးပါ။ ခေါင်းမော့ရင်ကော့ထားခြင်းထက် ခါးကိုညွှတ်၊ ဦးကိုနှိမ့်ထားပေးပါ။

အောက်ခြေကျတဲ့ မြို့/ရွာ ရပ်ကွက်အလိုက်မှာနေတဲ့ NLD ပါတီ ဝင်တစ်ဦးဟာ ရပ်ကွက်လူထုနဲ့ ဘယ်အတိုင်းအတာအထိ ဝင်ဆံ့သလဲ၊ ရပ်ကွက်အတွင်းမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေမှာ ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သလဲ၊ အထူးသဖြင့် မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဟာ မိမိရပ်ကွက်အတွင်းမှာ ဘယ်ရွေ့ဘယ်မျှ လူထုရဲ့ခင်မင်လေးစားမှု ရရှိသလဲ အရင်ဆန်းစစ်ပါ။ ရပ်ကွက်အတွင်းမှာရှိနေတဲ့သူတွေနဲ့ သဟဇာတ မဖြစ်တဲ့သူဆိုရင် သူ့ကို လူတွေနဲ့အတူ ယှဉ်တွဲနေထိုင်တတ်အောင် လေ့ကျင့်ပေးပါ။ ပညာအရည်အချင်းနဲ့ပြည့်စုံပြီး လူမှုရေး၊ စည်းရုံးရေးကောင်းတဲ့အပြင် သူနေတဲ့ရပ်ကွက်အတွင်းမှာ အများပြည်သူလေးစားတဲ့ ပုဂ္ဂိုလ်များ ရှိခဲ့ရင် သူ့ကို ပါတီဝင်အဖြစ်ရအောင် စည်းရုံးပြီး ပါတီအတွင်းမှာ နေရာပေးပါ။ ရပ်ကွက်လူထုအတွင်း ပါတီဝင်အင်အားရရှိရေးအတွက် သူ့ကို အားကိုးပါ။ အရည်အချင်းပြည့်ပြီး အင်အားတောင့်တင်းတဲ့ရပ်ကွက် ခေါင်းဆောင်တွေစုပြီး မြို့နယ်အလုပ်အမှုဆောင်ကို ပြန်လည်ဖွဲ့စည်းပါ။ ပါတီဝင်သက်စောတာ၊ ပါတီအပေါ်မှာ နှစ်ရှည်လများအနစ်နာခံခဲ့သူတွေကို အသိအမှတ်ပြုပါ။မိမိ၏အရည်အချင်းသည် ဘယ်ရွေ့ဘယ်မျှသာရှိသည်၊ ဘယ်အဆင့်မှာရှိသည်ဆိုသည်ကို မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်နိုင်ရေး စီစဉ်ပေးပါ။ ပါတီဝင်သက်စောတိုင်း၊ ပါတီကို နှစ်ရှည်လများနာခံခဲ့သူတိုင်း ပြည်သူလူထုလက်ခံသည့်သူ ဖြစ်ချင်မှဖြစ်ပါမယ်။ အဓိကက ပြည်သူလူထု ဖြစ်ပါတယ်။ ပြည်သူကိုဗဟိုပြုပါ။ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းကို အဓိကထားပါ။ အရည်အချင်းပြည့်ဝမှု၊ စဉ်းစားတွေးခေါ်နိုင်မှု၊ အများအကျိုးကို အဓိကထားတတ်မှုဟာ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အခြေခံအရည်အချင်းဖြစ်တယ်ဆိုတာကို လက်ကိုင်ထားနိုင်အောင်လေ့ကျင့်ပေးပါ။ အများကြည်ညိုပြီး အရည်အချင်းရှိသူကို အောက်ခြေအဆင့်မှာ သေသေချာချာရွေးထုတ်ပြီးမှ လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းကို ပို့ပေးပါ။

(၂) ဒီမိုကရေစီရဲဘော်ရဲဘက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ

၈၈၈၈ အရေးအခင်းမှာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပါတီမှာဝင်ရောက်လာအောင် စည်းရုံးပါ၊ နေရာပေးပါ။ လူမှုရေးလုပ်ငန်းတွေကိုသာ ရွေးပြီးလုပ်နေသရွေ့ တိုင်းပြည်က တိုးတက်လာစရာအကြောင်းမရှိဘူး ဆိုတာကို အဓိကထားဆွေးနွေးပေးပါ၊ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရတဲ့အခြေအနေမှာ၊ နေရာတစ်ခုမှာ ရပ်တည်နိုင်မှ အဓိကကျတဲ့ နိုင်ငံကောင်းစားရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုတာ လက်ခံလာအောင် စည်းရုံးဆောင်ရွက်ပေးပါ။ မိမိတို့အတွေ့အကြုံကို မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေကို မျှဝေပေးနိုင်အောင် ဆောင်ရွက်ပါ။ အဖွဲ့အစည်းမတူကွဲပြားခဲ့ရင်လည်း မဟာမိတ်အဖြစ်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးပါ။

(၃) အနှစ်သာရမရှိတဲ့ ပါဖောင်းမန့် (Performance) တွေကို လျှော့ချပါ

ခေတ်အဆက်ဆက် ခမ်းနားကြီးကျယ်တဲ့ ဖွင့်ပွဲတွေ၊ ပန္နက်ရိုက်ပွဲတွေ၊ လမ်းဖွင့်ပွဲ၊ ကျောင်းဖွင့်ပွဲတွေကို ဟိတ်ဟန်ပေါင်းစုံနဲ့ တက်ရောက်တာ၊ ပူးပေါင်းရောင်စုံလွှတ်ပွဲတွေ၊ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးတာတွေ၊ ပုံစံအမျိုးမျိုးနဲ့ ပို့စ်တွေပေး၊ ပုံတွေဖြန့်၊ စကားတွေဖြန့် စတာတွေ လျှော့ချပေးပါ။ ကြာလာရင် လူတွေမျက်စိနောက်ပြီး သူတို့လည်း ထူးမခြားနားပါကွာဆိုတဲ့ အပြောအဆိုမခံရအောင် သတိထားပေးပါ။ ဒေါင်းကလှတယ်ကွဆိုပြီး ကပြနေလို့ ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်တယ်ဆိုတာ သတိထားပေးပါ။ လူမြင်ကောင်းအောင် မဲဆွယ်မှုဆန်တဲ့ ဟန်ပြလုပ်ငန်းတွေ လုပ်မယ့်အစား ဆယ်အိမ်တစ်စု တွေ့ဆုံဆွေးနွေး လိုအပ်ချက်တွေမေးပြီး ရင်းနှီးခင်မင်မှုရအောင်ကြိုးစားရင်း အမည်သတင်းကောင်းအောင် ကြိုးစားပေးပါ။ အောက်ခြေမှာ စားပွဲဝိုင်းဆွေးနွေးပွဲကို လစဉ်ကျင်းပပေးပါ။

(၄) ပါတီတွင်းစီမံခန့်ခွဲမှုလုပ်ငန်းတွေကို စနစ်တကျပျိုးထောင်ပါ

NLD ပါတီရုံးခန်းတွေ၊ ရုံးလုပ်ငန်းတွေကိုလေ့လာကြည့်ရင် စနစ်ကျနမှုအားနည်းနေတာ တွေ့ရမှာပါ။ သတင်းအချက်အလက်တွေ စုစည်းတာ၊ ထောက်လှမ်းတာ၊ ပရောဂျက်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်းမရှိတာ၊ ဖိုရမ်တွေကျင်းပပေးနိုင်ခြင်းမရှိတာ အစရှိတာတွေကို လေ့လာသုံးသပ်ပြီး အမြန်ဆုံးပြုပြင်ပါ။

၂၀၂၀ ရွေးကောက်ပွဲကနီးပါပြီ။ ပျက်စီးယိုယွင်းနေခဲ့တဲ့တိုင်းပြည်ကို သက်တမ်း ၅ နှစ်အတွင်း အပြစ်ပြောစရာမရှိ အောင်ဆောင်ရွက်ဖို့ အလွန်ခက်ခဲတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဇာတ်သမားမှန်ရင် ပြောစရာကျန်မှ ပွဲကြည့်သူတို့ အိပ်ရေးပျက်ရကျိုးနပ်ပါမယ်။ NLD မှန်ရင် နိုင်ငံမှာ စံနမူနာယူစရာ အနည်းနှင့်အများတော့ ကျန်စေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့ ၈၈၈၈ အရေးအခင်းသမားတို့ ပေးဆပ်ရကျိုးနပ်ပါမယ်။

အထူးသဖြင့် ၈၈ တွေ လူမှုရေးလုပ်ငန်းသီးသန့်ဆိုတဲ့ မူဝါဒကနေထွက်ပြီး စီမံအုပ်ချုပ်တဲ့ နိုင်ငံတော်အစိုးရအတွင်းကို ဝင်လာပေးပါ။ NLD အနေနဲ့လည်း ၈၈ တွေကို နိုင်ငံတော်စီမံအုပ်ချုပ်တဲ့နေရာတွေကို ရောက်ရှိလာအောင် စည်းရုံးဆောင်ရွက်ပေးပါလို့။ အားလုံးကိုကျေးဇူးပါ။

စေတနာမေတ္တာအပြုသဘောဆန်စွာဖြင့်-

မိုးကောင်းသား (၁၈-၈-၂၀၁၈)



FOLLOW US