News

02-Apr-2018

စီးပွားရေး SME
SME လုပ်ငန်းများကို ကျပ် ၃၀ ဘီလီယံ စချေးမည်
ရန်ကုန်၊ ဧပြီ ၁

အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ဧပြီလအတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေအဖြစ် ကျပ်ငွေ ၃၀ ဘီလီယံ စတင်ထုတ်ချေးပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ 

“JICA ချေးငွေ ကျပ် ၁၅၀ ဘီလီယံထဲက ၃၀ ဘီလီယံကို ချေးပေးဖို့စနေပြီ။ ဝေးကွာတဲ့ဒေသတွေက ချေးငွေမရခဲ့တဲ့ SME လုပ်ငန်းတွေ အခုဒီချေးငွေမှာ ရရှိဖို့အတွက် ပြင်ဆင်နေပါတယ်။ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့ မူဝါဒတွေလည်း ဆွဲနေတယ်”ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။ 

ဝေးကွာသည့်ဒေသများမှ SME ချေးငွေမရရှိခဲ့သည့် SME လုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးနိုင်ရန် မူဝါဒများ ပြင်ဆင်ရေးဆွဲလျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က JICA က မြန်မာအစိုးရထံသို့ ကျပ် ၅၀ ဘီလီယံကို SME လုပ်ငန်းများအတွက် ထုတ်ချေးပေးခဲ့ကာ ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် JICA က ကျပ် ၁၅၀ ဘီလီယံတိုးမြှင့် ထုတ်ချေးပေးမည်ဖြစ်သည်။

“လုပ်ငန်းရှင်တွေကတော့ ချေးငွေကို မျှော်နေတာပေါ့။ အခုအချိန်အထိ တိကျသေချာတဲ့အဖြေ မရသေးဘူး။ တကယ်လို့ရခဲ့ရင်လည်း အတိုးနှုန်းက ကိုးရာခိုင်နှုန်းဆိုတော့ သူများနိုင်ငံတွေနဲ့ ယှဉ်ရင်များသေးတယ်။ ချေးငွေတွေ ချပေးမယ်လို့တော့ ပြောတယ်။ ဘယ်တော့ပေးမယ်ဆိုတဲ့ အဖြေတွေ ဘာမှမသိရသေးဘူး။ အတိုးသက်သက်သာသာနဲ့ ရမယ်ဆိုတော့ လုပ်ငန်းရှင်တွေကတော့ မျှော်တာပေါ့”ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က သုံးသပ်ပြောကြားသည်။ 

လုပ်ငန်းရှင်များအနေနှင့် အတိုးနှုန်းသက်သက်သာသာနှင့် လုပ်ငန်းများတွင် လုံလောက်စွာ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေပမာဏကို ချေးယူလိုပြီး လက်ရှိအစိုးရက ထုတ်ချေးပေးမည့်ချေးငွေများသည် အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြစ်သောကြောင့် နိုင်ငံတကာချေးငွေများနှင့် နှိုင်းယှဉ်ပါက များပြားလျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။ 

လက်ရှိတွင် SME လုပ်ငန်းများကို အပေါင်ပစ္စည်းမပါရှိပါက အပေါင်ပစ္စည်းမဲ့ ချေးငွေအဖြစ် ကျပ်သိန်း ၂၀၀ အထိ အများဆုံးထုတ်ချေးပေးလျက်ရှိပြီး အပေါင်ပစ္စည်းပါရှိပါက အပေါင်ပစ္စည်းအပေါ် မူတည်၍ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ အများဆုံးထုတ်ချေးပေးလျက်ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ 

J-11



FOLLOW US