News

နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟယ်ရီကိန်း ကျိန်းသေ အသင်းပြောင်းလိမ့်မည်ဟု ရွိုင်ကိန်း မှတ်ချက်ပေး

လန်ဒန်၊ မတ် ၈

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပါးကိုစွန့်ခွာ၍ အသင်းပြောင်းရန် ကျိန်းသေပေါက် ကြိုးပမ်းလာလိမ့်မည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ချန်ပီယံလိဂ်တွင် စပါးမှာ သာမန်အဆင့်ထက် မပိုနိုင်သေးသည်ကို နားလည်သဘောပေါက်သွားခြင်းက ဟယ်ရီကိန်းကို အသင်းပြောင်းရန် စေ့ဆော်လာလိမ့်မည်ဟု ရွိုင်ကိန်းက သုံးသပ်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ရွိုင်ကိန်းသည် ဂျူဗင်တပ်က စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို ပွဲသုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာတွင် ယင်းသို့ မှတ်ချက်စကားပြောကြားသွားခဲ့ခြင်းဖြစ်ပြီး ဟယ်ရီကိန်းမှာ ကစားသမားဘ၀ဖြတ်သန်းမှုကို အောင်မြင်မှုမှတ်တမ်းများဖြင့် အဆုံးသတ်လိုပါက စပါးကို မဖြစ်မနေ စွန့်ခွာရလိမ့်မည်ဟုလည်း ရွိုင်ကိန်းက တိုက်တွန်းသွားခဲ့သေးသည်။

ရွိုင်ကိန်းသည် စပါးမှာ ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း၌ ကစားရခြင်း၊ အဝေးကွင်းသွင်းဂိုး နှစ်ဂိုး ပိုင်ဆိုင်ရရှိထားခြင်း စသည့် အားသာချက်များဖြင့် ဂျူဗင်တပ်ကို ကစားခဲ့ရသော်လည်း အဆုံးသတ်တွင် အရှုံးရလဒ်ဖြင့် ရင်ဆိုင်လိုက်ရသည်မှာ ပြိုင်ပွဲအတွေ့အကြုံနည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီး ချန်ပီယံလိဂ်တွင် ထိပ်တန်းအဆင့်တစ်ခု၌ ရပ်တည်နိုင်ရန် စပါးအနေနှင့် အင်အားဖြည့်တင်းမှုပေါင်းများစွာ လုပ်ဆောင်နိုင်ရန်လည်း လိုအပ်နေသေးကြောင်း ရွိုင်ကိန်းက ဆက်လက်ပြောကြားသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဟယ်ရီကိန်းကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီး ဟယ်ရီကိန်းကိုယ်တိုင်ကလည်း စပါးဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်မခံသေးဘဲ ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ အချိန်ရွှေ့ဆိုင်းထားခြင်းကြောင့် ၎င်း၏အနာဂတ်မှာ လှုပ်ခတ်နေလျက်ရှိသည်။




FOLLOW US