News

22-Aug-2018

Soccer Serie A C Ronaldo Juventus Rooney
စီရော်နယ်ဒို၏ကျောနံပါတ်ကို ဆက်ခံမည့်သူ မရွေးချယ်သေး၊ ချန်ပီယံလိဂ်ဆုဖလားကို ဂျူဗင်တပ်နှင့်အတူ စီရော်နယ်ဒို ထပ်ယူမည်ဟု ရူနီ ခန့်မှန်း

တူရင်၊ သြဂုတ် ၂၂

ရီးရဲလ်မက်ဒရစ်သည် စီရော်နယ်ဒိုဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၇ ကို ယခုအချိန်တိုင်သည်အထိ လစ်လပ်ကျောနံပါတ်အဖြစ် ထားရှိဆဲဖြစ်ပြီး ဆက်ခံမည့်သူကို မရွေးချယ်သေးကြောင်း AS က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် အဆန်ဆီယိုနှင့် ဗီနီးဆီးယပ်စ်တို့အနက်မှနေ၍ တစ်ဦးကို ကျောနံပါတ် ၇ ပေးအပ်ဝတ်ဆင်ရန် စီစဉ်ခဲ့သေးသော်လည်း ယင်းကျောနံပါတ်မှာ ယင်းကစားသမားများ၏လက်ရှိစွမ်းဆောင်ရည်ထက် အရှိန်အဝါများစွာ ကြီးမားလွန်းလျက်ရှိသည်ဟု ယူဆကာ မပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်သည် အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းဆက်သွယ်ရန် စီစဉ်နေပြီး အကယ်၍ ဟားဇတ်ကို ခေါ်ယူနိုင်ခဲ့မည်ဆိုပါက ယင်းကျောနံပါတ်ကို ဟားဇတ်ကို ပေးအပ်လိုက်ရန် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က ဆုံးဖြတ်ထားသည်။

စီရော်နယ်ဒို၏မန်ယူအသင်းဖော်ဟောင်း ရူနီသည် စီရော်နယ်ဒိုမှာ ဂျူဗင်တပ်နှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကြီးကို ထပ်မံကိုင်မြှောက်အောင်ပွဲခံလိမ့်ဦးမည်ဟု ခန့်မှန်းသွားခဲ့ပြီး ယင်းသို့သာ စီရော်နယ်ဒို စွမ်းဆောင်နိုင်ခဲ့မည်ဆိုပါက စီရော်နယ်ဒိုကို လိုက်မီနိုင်မည့်ကစားသမားဟူသည်မှာ နောက်ထပ်တစ်ဦး ထပ်မံထွက်ပေါ်လာနိုင်စရာ အကြောင်းရှိတော့မည်မဟုတ်ဟုလည်း ရူနီက ဆက်လက် မှတ်ချက်ပေးသွားခဲ့သေးသည်။




FOLLOW US