News

POST TAGGED AS

ROBERTO MARTINEZ

08-Feb-2018

Soccer Premier League Chelsea Belgium Hazard
ပြည်ပလိဂ်တွင် ကစားနေသော ဘယ်လ်ဂျီယံကစားသမားများအနက်မှ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဟားဇတ် ရရှိ

လန်ဒန်၊ ဖေဖော်ဝါရီ ၈

ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံနိုင်ငံပြင်ပရှိ နိုင်ငံခြားလိဂ်များတွင် ကစားသမားဘ၀ဖြတ်သန်းနေသော ဘယ်လ်ဂျီယံကစားသမားများအနက်မှနေ၍ အကောင်းဆုံးကစားသမားဆု ရွေးချယ်ပေးအပ်ချီးမြှင့်ရာတွင် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးကို ကျော်ဖြတ်၍ ယင်းဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဟားဇတ်သည် မဲရရှိမှုတွင် ဒီဘရိုင်နေးထက် ၁၁ မဲ သာလွန်ကာ ယင်းဆုကို ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၂၀၁၇-၁၈ ဘောလုံးရာသီ စွမ်းဆောင်ရည်များတွင် ဟားဇတ်ထက် ဒီဘရိုင်နေးက သာလွန်မှုများရှိနေသော်လည်း ယမန်နှစ်ဘောလုံးရာသီ၌ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ချယ်လ်ဆီးအသင်း ဆွတ်ခူးရရှိခဲ့ရာတွင် ဟားဇတ်က အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်ခဲ့သည့်အတွက် ဒီဘရိုင်းနေးကို ကျော်ဖြတ်ကာ ယင်းဆုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံခြားလိဂ်များတွင် ကစားသမားဘ၀ဖြတ်သန်းနေသော ဘယ်လ်ဂျီယံကစားသမားများအနက်မှနေ၍ အကောင်းဆုံးကစားသမားဆု ရွေးချယ်ပေးအပ်ချီးမြှင့်ရာတွင် ဟားဇတ်နှင့် ဒီဘရိုင်နေးတို့၏နောက်၌ တတိယအဖြစ် ရပ်တည်ခဲ့သည်မှာ နာပိုလီတိုက်စစ်မှူး မာတင်းစ်ဖြစ်ပြီး မာတင်းစ်မှာ လွန်ခဲ့သည့် ၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း နာပိုလီအတွက် လိဂ်သွင်းဂိုး ၂၇ ဂိုးအထိ ရယူပေးနိုင်ခဲ့သူဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး ဟားဇတ်ကို ခေါ်ယူရရှိနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ အထိ သုံးစွဲရန်လည်း ပီရက်ဇ်က စိတ်ပိုင်းဖြတ်ထားသည်။




FOLLOW US