News

21-Aug-2018

Soccer Premier League Arsenal Arsene Wenger
အာဆင်နယ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ဆုံး ၂ နှစ်အတွင်း ကိုယ်ပိုင်သက်တော်စောင့်တစ်ဦး အာစင်ဝင်းဂါး ခန့်အပ်ထားခဲ့ရ

လန်ဒန်၊ သြဂုတ် ၂၁

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးသည် အာဆင်နယ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ဆုံး ၂ နှစ်တာကာလအတွင်း ကိုယ်ပိုင်သက်တော်စောင့်တစ်ဦး ခန့်အပ်ထားခဲ့ရပြီး ယင်းသက်တော်စောင့်မှာ အာဆင်နယ်အသင်း ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များ၌ပင် အာစင်ဝင်းဂါးကို လိုက်လံစောင့်ရှောက်ပေးခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်အသင်းသည် နည်းပြအာစင်ဝင်းဂါးမှာ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားခဲ့သော အစွန်းရောက်များ၏အကြမ်းဖက်အန္တရာယ်ကို စိုးရိမ်ထိတ်လန့်သည့်အတွက် သက်တော်စောင့်ခေါ်ယူခဲ့ခြင်းဟု ရှင်းပြထားပြီး သတင်းမီဒီယာများကမူ အာစင်ဝင်းဂါးမှာ အကြမ်းဖက်သမားများ၏အန္တရာယ်ထက် အာဆင်နယ်ပရိသတ်များ၏အန္တရာယ်ကို စိုးရိမ်ထိတ်လန့်သည့်အတွက် ယင်းသို့ သက်တော်စောင့်ခေါ်ယူခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ထားသည်။

အာစင်ဝင်းဂါးသည် နောက်ဆုံးနှစ်အပိုင်းအခြားများအတွင်း အသင်းအားပေးသူပရိသတ်များ၏ဆန့်ကျင်မှုဖြင့် ဆက်တိုက်ကြုံဆုံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတုတ်စီးတီးက အာဆင်နယ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရလိုက်သည့် ပရီးမီးယားလိဂ်ပွဲစဉ်ပြီးကတည်းကပင် အာဆင်နယ်ပရိသတ်များမှာ အာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်၍ နည်းပြသစ်တစ်ဦး အမြန်ဆုံးခန့်အပ်ပေးပါရန် တောင်းဆိုမှုစတင်ခဲ့ခြင်းဖြစ်သည်။




FOLLOW US