News

အာဆင်နယ်ကွင်းလယ်လူ မိတ်လန်းဒ်-နိုင်းလ်စ် သီတင်းပတ် ခြောက်ပတ်မှ ရှစ်ပတ်အကြား နားရမည်

လန်ဒန်၊ သြဂုတ် ၁၆

အာဆင်နယ်ကွင်းလယ်ကစားသမား မိတ်လန်းဒ်-နိုင်းလ်စ်သည် မန်စီးတီးက အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲစဉ်တွင် ဘယ်ဘက်ခြေထောက် အရိုးအက်ဒဏ်ရာရရှိသွားခဲ့သည့်အတွက် သီတင်းပတ် ခြောက်ပတ်မှနေ၍ ရှစ်ပတ်အကြား အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၀ အရွယ်ရှိ မိတ်လန်းဒ်-နိုင်းလ်စ်သည် လက်ရှိဘောလုံးရာသီတွင် နည်းပြ ယူနိုင်းအမ်မရီလက်အောက်၌ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာရနိုင်ရန် အခြေအနေကောင်းမွန်နေသူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ဒဏ်ရာပြဿနာကြောင့် အနားယူရရန် အကြောင်းဖန်လာခြင်းကြောင့် ၎င်းအတွက် အခွင့်အလမ်းကောင်းများ လက်လွတ်သွားမည်ကို မိတ်လန်းဒ်-နိုင်းလ်စ်က လွန်စွာ စိုးရိမ်နေပြီဖြစ်သည်။

အာဆင်နယ်သည် လက်ရှိတွင် မိတ်လန်းဒ်-နိုင်းလ်စ်အပါအ၀င် ဂျန်ကင်ဆန်၊ ကိုလာဆီနက်နှင့် ကော့စီရယ်လ်နီတို့ကိုလည်း ဒဏ်ရာပြဿနာများကြောင့် အနားပေးထားရပြီး နောက်ခံလူ မွန်ရီရယ်လ်နှင့် တိုက်စစ်မှူး ဝဲလ်ဘက်ခ်တို့ကမူ ဒဏ်ရာများ သက်သာပျောက်ကင်းကာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာခဲ့ပြီဖြစ်၍ အသင်းနှင့်အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ကြောင်း အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ထားသည်။

အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် လက်ရှိတွင် အသင်းအတွက် တည်ငြိမ်သော ပွဲထွက်အခင်းအကျင်းတစ်ရပ်ကို ပုံဖော်နိုင်ရန် အခက်အခဲများရှိနေပြီး အသင်းအတွက် အားကိုးရလောက်သည့် ကစားသမားများကို ဒဏ်ရာပြဿနာများကြောင့် ဆုံးရှုံးထားရခြင်းက ၎င်းအတွက် ကြီးစွာသော ထိုးနှက်ချက်ဖြစ်နေသည်ဟု ယူနိုင်းအမ်မရီက ပြောကြားထားသည်။




FOLLOW US