News

အသင်းဆုတ်ယုတ်နေပြီဟု အာစင်ဝင်းဂါး ဖွင့်ဟ၀န်ခံ၊ ရမ်ဆေးကို ရောင်းထုတ်ရန် ဒါရိုက်တာဘုတ်အဖွဲ့ ဆုံးဖြတ်

လန်ဒန်၊ မတ် ၎

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏အသင်းမှာ တိုးတက်ခြင်းမရှိဘော့ဘဲ ဆုတ်ယုတ်မှုများဖြင့် ရင်ဆိုင်နေရပြီဟု ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်တစ်နေရာစာကို ပရီးမီးယားလိဂ်ပြိုင်ပွဲကတစ်ဆင့် ရယူနိုင်ရန်မှာလည်း ၎င်းတို့အတွက် လွန်စွာခက်ခဲသွားပြီဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောကြားသွာခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်အသင်းကစားသမားအချို့သည် ဘရိုက်တန်နှင့်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လေ့ကျင့်ရေးဆင်းရာတွင် လေ့ကျင့်ရေးအစီအစဉ် မပြီးဆုံးမီ၌ပင် လေ့ကျင့်ရေးကွင်းမှနေ၍ ထွက်ခွာသွားခဲ့ကြပြီး ယင်းလုပ်ရပ်ကို သတင်းမီဒီယာများက အသင်းတွင်း ပုန်ကန်မှုအဖြစ် ပုံကြီးချဲ့ရေးသားနေကြပြီလည်းဖြစ်သည်။

နည်းပြ အာစင်ဝင်းဂါးသည် လာမည့်နွေရာသီကာလတွင် အသင်းတာဝန်ရှိသူများဆောင်ရွက်ရန် ပြင်ဆင်နေသည့် အလုံးစုံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ၎င်းကိုသာမကဘဲ အသင်းသားများကိုပါ ရိုက်ခတ်မှုရှိလာနိုင်သည်ဟု အသိပေးထားပြီး လက်ရှိတွင် အသင်းနှင့်စာချုပ်သစ်ချုပ်ဖွယ်မရှိတော့သော ရမ်ဆေးကို နွေဈေးကွက်၌ ရောင်းထုတ်လိုက်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက ပြင်ဆင်ထားကြပြီလည်းဖြစ်သည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အိုဇေးလ်ကို စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည့်အခြေအနေမျိုး ရမ်ဆေးကိစ္စတွင် ဖြစ်ပေါ်မလာစေရန် ရည်ရွယ်၍ စာချုပ်သစ်ချုပ်ရန် အဆင်မပြေတော့ပါက ၎င်းကို ရောင်းထုတ်လိုက်ရန် အစီအစဉ်ရေးဆွဲလိုက်ခြင်းဖြစ်ပြီး ရမ်ဆေးမှာ စာချုပ်သစ်ချုပ်ရန်အတွက် ၎င်း၏တစ်ပတ်လုပ်ခလစာကို ပေါင်နှစ်သိန်းခွဲအထိ တိုးမြှင့်ပေးရန် တောင်းဆိုနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးလိမ့်မည်ဖြစ်ကာ အသင်းနှင့် စာချုပ်သစ်ချုပ်ဖွယ် မရှိတော့သည့် ဝီလ်ရှိုင်းယားကိုမူ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ အာဆင်နယ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုက်ရရန် သေချာနေပြီဖြစ်သည်။




FOLLOW US