News

11-Dec-2017

Soccer Premier League Arsenal Ramsey
တံကောက်ကြော ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ရမ်ဆေး သီတင်းသုံးပတ် နားရမည်

လန်ဒန်၊ ဒီဇင်ဘာ ၁၁

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် ဆောက်သမ်တန်နှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တံကောက်ကြော ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် သီတင်းသုံးပတ်ကြာ အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရမ်ဆေးသည် ဆောက်သမ်တန်နှင့် အာဆင်နယ်တို့ အားပြိုင်ခဲ့ကြသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲပြီးခါနီး၌ ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကာ ၎င်းဒဏ်ရာရသွားချိန်တွင် နည်းပြအာစင်ဝင်းဂါးက ကစားသမားသုံးဦးလုံး လူစားလဲလှယ်ပြီးဖြစ်သည့်အတွက် ဒဏ်ရာနာကျင်မှုဝေဒနာကို အံတုကာ ပွဲဆက်လက် ကစားလိုက်ရခြင်းက ရမ်ဆေး၏ဒဏ်ရာအခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့သည်ဟု အာဆင်နယ်အသင်းဆေးအဖွဲ့က မှတ်ချက်ပေးထားသည်။

အာဆင်နယ်အသင်းဆေးအဖွဲ့သည် လက်ရှိတွင် ရမ်ဆေး၏ဒဏ်ရာကို စစ်ဆေးမှုများ ဆောင်ရွက်ဆဲဖြစ်ကာ ဒဏ်ရာအခြေအနေပြင်းထန်မည်ဆိုပါက လာမည့်ဗုဒ္ဓဟူးနေ့တွင် ၀က်စ်ဟမ်းနှင့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကို အာဆင်နယ်က ရမ်ဆေးမပါဘဲနှင့် ကစားသွားရတော့မည်ဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ရမ်ဆေးကို ဒဏ်ရာပြဿနာကြောင့် အနားပေးလိုက်ရမည်ဆိုပါက ၀က်စ်ဟမ်းနှင့်ပွဲစဉ်တွင် ယင်းနေရာ၌ ဝီလ်ရှိုင်းယားကို အစားထိုးထည့်သွင်းသွားဖွယ်ရှိနေပြီး ယင်းဒဏ်ရာကြောင့် ဒီဇင်ဘာပွဲကျပ်များကို ရမ်ဆေး လွဲချော်သည့်အခြေအနေများ ဖြစ်ပေါ်လာမည်ကိုမူ အာစင်ဝင်းဂါးက စိုးရိမ်လျက်ရှိသည်။




FOLLOW US