News

10-Sep-2018

Soccer La Liga Real Madrid Rafael Nadal
နာဒယ်လ်ကို ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖြစ်လာစေလိုသည်ဟု ပီရက်ဇ် ဖွင့်ဟ

မက်ဒရစ်၊ စက်တင်ဘာ ၁၀

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နာဒယ်လ်ကို တစ်နေ့နေ့တွင် ရီးရဲလ်မက်ဒရစ်အသင်း၏ဥက္ကဋ္ဌအဖြစ် မြင်တွေ့လိုသည်ဟု ဖွင့်ဟပြောကြားလိုက်ကြောင်း Marca က ဖော်ပြထားသည်။

နာဒယ်လ်သည် ရီးရဲလ်မက်ဒရစ်အသင်း၏အမာခံပရိသတ်တစ်ဦးဖြစ်သည့်အပြင် ရီးရဲလ်မက်ဒရစ်အသင်းအားပေးသူများ၏ချစ်ခင်ထောက်ခံမှုကို အပြည့်အ၀ရရှိထားသူဖြစ်ပြီး အနာဂတ်ကာလတွင် ကမ္ဘာ့ဘောလုံးလောက၌ ထိပ်တန်းရာထူးတစ်ခုဖြင့် တာဝန်ထမ်းဆောင်ခွင့်ရလိုကြောင်းလည်း နာဒယ်လ်က မကြာခဏ ထုတ်ဖော်ပြောကြားလျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် ၂၀၁၁ ခုနှစ် မတ်လ၌ နာဒယ်လ်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ပြီး လက်ရှိတွင် ရီးရဲလ်မက်ဒရစ်အသင်း၏ကမ္ဘာတစ်ဝန်းဆိုင်ရာသံတမန်အဖြစ်လည်း နာဒယ်လ်က တာဝန်ထမ်းဆောင်ပေးလျက်ရှိသည်။

အသက် ၇၁ နှစ်အရွယ်ရှိနေပြီဖြစ်သော ဥက္ကဋ္ဌ ပီရက်ဇ်သည် ၎င်းအနားယူချိန်တွင် နာဒယ်လ်ကို ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌရွေးကောက်ပွဲ ၀င်စေလိုလျက်ရှိပြီး ၂၀၃၁ ခုနှစ်တွင် ကျရောက်မည့် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌရွေးကောက်ပွဲ ကျင်းပချိန်တွင် နာဒယ်လ်မှာ အသက် ၄၅ နှစ်အရွယ်ရှိနေတော့မည်ဖြစ်၍ အသင်းကို ဦးဆောင်ရန် အကောင်းဆုံးအရွယ်ဖြစ်လိမ့်မည်ဟု ပီရက်ဇ်က မှတ်ချက်ပေးထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌရွေးကောက်ပွဲဝင်မည့်သူသည် စပိန်ဗဟိုဘဏ်တွင် ပေါင် ၆၇ သန်းနှင့်အထက် ပိုင်ဆိုင်မှုဘဏ်စာရင်းရှိရမည်ဖြစ်ပြီး နာဒယ်လ်မှာ ကြွယ်ဝမှု ပေါင် ၁၂၄ သန်းရှိသည့် ဘဏ်စာရင်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရန် အရည်အချင်းပြည့်မီလျက်ရှိသည်။




FOLLOW US