News

ဆာလားဟ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းအတွက် ယူရိုတစ်သန်း လျော်ကြေးပေးရန် ရာမို့စ်ကို တရားစွဲမည်

ကိုင်ရို၊ မေ ၃၀

ဘတ်စ်ဆင်းဝါဘားအမည်ရ အီဂျစ်နိုင်ငံသားရှေ့နေတစ်ဦးသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်က ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြောကြားကာ ယင်းကိစ္စရပ်အတွက် ဆာလားဟ် လျော်ကြေးငွေ ယူရိုတစ်သန်းရစေရန် ၎င်းက တရားစွဲဆိုပေးသွားမည်ဟု ဝါဘားက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။

ဆာလားဟ် ပခုံးဒဏ်ရာရရှိသွားသောကိစ္စရပ်အတွက် ရာမို့စ်အပေါ် အီဂျစ်နိုင်ငံသားများက မကျေနပ်မှုများရှိနေပြီး ပြိုင်ဘက်အသင်း၏အန္တရာယ်အရှိဆုံး ကစားသမားကို အခွင့်ရပါက ဒဏ်ရာအနာတရဖြစ်စေရန် လုပ်ဆောင်မည့်ရည်ရွယ်ချက်မှာ ရာမို့စ်ထံတွင် နဂိုကတည်းက ရှိထားပြီးဖြစ်ကြောင်း ၎င်း၏ပြစ်ဒဏ်ကျူးလွန်မှုကို ဆန်းစစ်၍ ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

ဥရောပဂျူဒိုအစည်းအရုံးသည် ပြိုင်ဘက်ကစားသမား၏လက်ကိုညှပ်၍ မြေပေါ်သို့လှဲချသည့်နည်းစနစ်မှာ ၎င်းတို့၏အားကစားနည်း၌ပင် တရားမ၀င်သော တိုက်ခိုက်ရေးနည်းလမ်းဖြစ်ကြောင်း ရှင်းပြထားပြီး ရှေ့နေဝါဘားက ၎င်းအနေနှင့် ရာမို့စ်က ဆာလားဟ်ကို ဒဏ်ရာအနာတရဖြစ်စေရန် ပြစ်ဒဏ်ကျူးလွန်ခြင်းအပေါ် အရေးယူရန် ပျက်ကွက်ခဲ့ခြင်းအတွက် ဖီဖာထံသို့ တိုင်ကြားစာတစ်စောင် ပို့ထားပြီဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ အမှုစွဲဆိုရန်အတွက် လိုအပ်သော သက်သေအထောက်များကိုလည်း စုစည်းနေပြီဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်။

ရှေ့နေဝါဘားသည် ရာမို့စ်၏လုပ်ရပ်ကြောင့် ဆာလားဟ်မှာ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နာကျင်ခဲ့ရကြောင်း ထောက်ပြသွားခဲ့ပြီး ၎င်းအနေနှင့် ထိုက်တန်သောပြစ်ဒဏ်တစ်ရပ်ကို ရာမို့စ် ကျခံရစေရန်အတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ရှေ့နေဝါဘားက အသိပေးသွားခဲ့သည်။

အီဂျစ်နိုင်ငံသားများသည် ဆာလားဟ်ကို သာမန်ဘောလုံးသမားတစ်ဦးထက် ပိုမိုသည့် လေးစားမှု စိတ်ရင်းအခံရှိကြပြီး အီဂျစ်ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်ကာလက သမ္မတလျာထားစာရင်းတွင် ဆာလားဟ်မပါရှိခဲ့သော်လည်း ၎င်းကို လူပေါင်းတစ်သန်းကျော်က နိုင်ငံ၏သမ္မတဖြစ်စေလိုကြောင်း ထောက်ခံမဲ ပေးအပ်ခဲ့ကြဖူးသည်။




FOLLOW US