News

ရာမို့စ်ကို နပန်းသမားတို့၏ခေါင်းဆောင်ဟု ဂျာဂင်ကလော့ပ် ဝေဖန်

လီဗာပူး၊ မေ ၂၇

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်ကို နပန်းသမားတို့၏ခေါင်းဆောင်ဟု သမုတ်ခေါ်ဆို၍ ဝေဖန်ပြစ်တင်လိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဂျာဂင်ကလော့ပ်သည် ရာမို့စ်မှာ ဆာလားဟ်ကို ဒဏ်ရာရသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ထိုးနှက်တိုက်ခိုက်သွားခဲ့ပြီး ဆာလားဟ်၏လက်ကိုဆွဲ၍ ရာမို့စ်က မြေသို့ လှဲချလိုက်ပုံမှာ နပန်းသမားတစ်ဦးက ပြိုင်ဘက်ကစားသမားကို ဒဏ်ရာအနာတရဖြစ်သွားစေရန် လုပ်ဆောင်လိုက်ပုံနှင့် လုံးဝကို တူညီလျက်ရှိသည်ဟု ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သည်။

ဂျာဂင်ကလော့ပ်သည် ဆာလားဟ် မြေပေါ်သို့လဲကျသွားချိန်တွင် ရာမို့စ်က ပခုံးကို ဖိချလိုက်သည့်အတွက် ဒဏ်ရာအခြေအနေမှာ ပိုမို ဆိုးရွားသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့ပြီး ရာမို့စ်ကမူ ၎င်းနှင့် ဆာလားဟ်တို့ ထိပ်တိုက်တွေ့ခဲ့သည့်အခြေအနေမှာ ဘောလုံးပွဲစဉ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း တုံ့ပြန် ရှင်းလင်းသွားခဲ့သည်။

ရာမို့စ်သည် ဆာလားဟ်ထံသို့ ဒဏ်ရာအမြန်ဆုံးသက်သာပျောက်ကင်းပါစေကြောင်း ဆုတောင်းစကားပေးပို့ကာ ၎င်းကြောင့် ဆာလားဟ် ဒဏ်ရာအနာတရ ဖြစ်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း တောင်းပန်ထားပြီဖြစ်ပြီး ကွင်းပြင်သို့ ဆာလားဟ် ငိုကြွေးထွက်ခွာသွားချိန်တွင် ၎င်းလည်း စိတ်ထိခိုက်ခံစားခဲ့ရပါကြောင်း ရာမို့စ်က ပြောကြားထားသေးသည်။




FOLLOW US