News

27-May-2018

Liverpool Soccer Champions League Salah
ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆာလားဟ် လွဲချော်နိုင်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မစတင်မီ ဆာလားဟ် ကောင်းချီးရစေရန် မိသားစုဝင်များ နွားသုံးကောင် အသုံးပြု၍ အလှူအတန်းလုပ်ခဲ့

ကိုင်ရို၊ မေ ၂၇

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီဂျစ်လက်ရွေးစင်ဘောလုံးအသင်းကို ကိုယ်စားပြု၍ ဆာလားဟ် ကစားနိုင်ရန်မှာ မလွယ်ကူတော့ကြောင်း အသိပေးသွားခဲ့ပြီး လက်ရှိတွင် ဆာလားဟ်၏ဒဏ်ရာကို လီဗာပူးအသင်းဆေးအဖွဲ့က ဓာတ်မှန်ရိုက်၍ စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆာလားဟ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်နှင့်ထိခိုက်ကာ ပခုံးထိခိုက်သွားခဲ့ခြင်းဖြစ်ပြီး ဓာတ်မှန်စစ်ဆေးချက်အဖြေများအရ ဆာလားဟ်မှာ ပခုံးအဆစ်လွဲချော်သွားခြင်းဖြစ်ကြောင်း သိရှိခွင့်ရထားပြီဖြစ်သည်ဟု လီဗာပူးအသင်းဆေးအဖွဲ့က သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ဆာလားဟ်၏ဒဏ်ရာမှာ ဆိုးရွားပြင်းထန်လွန်းလှသည်ဟု မှတ်ချက်ပေးထားပြီး ဆာလားဟ် ထိခိုက်ဒဏ်ရာရသွားခဲ့အပြီးတွင် အသင်းတိုက်စစ်အားမှာ လွန်စွာ လျော့ကျသွားခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ်ကို ထိထိရောက်ရောက် ဖိအားမပေးနိုင်သကဲ့သို့ ဖြစ်သွားခဲ့ရကြောင်းလည်း ဂျာဂင်ကလော့ပ်က ဆက်လက်ပြောကြားသွားခဲ့သည်။

ဆာလားဟ်၏မိသားစုဝင်များသည် ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးတို့၏ချန်ပီယံလိဂ်ဗိုလ်လုပွဲ မစတင်မီတွင် ဆာလားဟ် ကောင်းချီးရစေရန် ရည်ရွယ်၍ ၎င်းတို့၏ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးလမ်းအစဉ်အလာအရ နွားသုံးကောင်ကို အသုံးပြု၍ အလှူအတန်းလုပ်ခဲ့သေးကာ  အစ္စလာမ်ဘာသာဝင်ဖြစ်သော ဆာလားဟ်မှာ ရာမာဒန်ဥပုသ်လဖြစ်သော်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးအတွက် အင်အားအပြည့်ဖြင့် ကစားပေးနိုင်ရန် ရည်ရွယ်ကာ ယင်းနေ့က ဥပုသ်မစောင့်ဘဲ စွန့်လွှတ်ထားခဲ့ကြောင်း လီဗာပူးအသင်းကြံ့ခိုင်ရေးမှူး ရူဘင်ပွန်းစ်က အသိပေးသွားခဲ့သေးသည်။




FOLLOW US