News

ဆာလားဟ်မှာ ကစားသမား ၁၁ ယောက်အနက်မှ တစ်ယောက်သာဖြစ်သည်ဟု ရာမို့စ် စိတ်ဓာတ်စစ်ဆင်ရေးစကားဆို

မက်ဒရစ်၊ မေ ၅

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ၎င်းတို့အနေနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို ကြောက်ရွံ့နေမည်မဟုတ်ဘဲ ဆာလားဟ်မှာ လီဗာပူးကစားသမား ၁၁ ဦးအနက်မှနေ၍ တစ်ဦးသာဖြစ်သည်ဟု ရာမို့စ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

လက်ရှိဘောလုံးရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်၌ သွင်းဂိုးပေါင်း ၄၃ ဂိုး ရယူပေးထားပြီးဖြစ်သော ဆာလားဟ်သည် လာမည့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးအတွက် အဓိကအရေးပါသည့်ကစားသမားဖြစ်လာမည့်သူဟု သတ်မှတ်ခံထားရပြီး လီဗာပူးထံတွင် ဆာလားဟ်ရှိသကဲ့သို့ ၎င်းတို့ထံတွင်လည်း စီရော်နယ်ဒိုရှိကြောင်း ရာမို့စ်က ၀င့်ကြွားပြောဆိုသွားခဲ့သည်။

ရာမို့စ်သည် ၎င်းမှာ ဆာလားဟ်ကို ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ် အမြဲတစေ လေးစားမှုရှိခဲ့သော်လည်း ကြောက်ရွံ့သည့်စိတ်ခံစားချက်မျိုး မရှိကြောင်း အသိပေးသွားခဲ့ပြီး ချန်ပီယံလိဂ်အောင်မြင်မှုဟူသည်မှာ ရီးရဲလ်မက်ဒရစ်၏အသွေးအသားတွင် ပါရှိထားပြီးဖြစ်သော မျိုးရိုးဗီဇတစ်ခုဟု ၎င်းတို့အနေနှင့် အမြဲတစေ ယုံကြည်ထားပြီးဖြစ်ကြောင်းလည်း ရာမို့စ်က အသိပေးသွားခဲ့သည်။

မန်ယူအသင်းအားပေးသူများသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်းတို့၏အခါးသီးဆုံးပြိုင်ဘက် လီဗာပူး ဆုဖလားကိုင်မြှောက်သည်ထက် ၎င်းတို့၏ကစားသမားဟောင်း စီရော်နယ်ဒို ပါဝင်ကစားနေသည့် ရီးရဲလ်မက်ဒရစ်အသင်း သုံးနှစ်ဆက် ချန်ပီယံဖြစ်သည်ကိုသာ မြင်တွေ့လိုလျက်ရှိပြီး ဗိုလ်လုပွဲတွင် အကောင်းဆုံးသော စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသ၍ လီဗာပူးကို အနိုင်ကစားပေးပါရန် စီရော်နယ်ဒိုကို မန်ယူပရိသတ်များက အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် တိုက်တွန်းထားကြပြီလည်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရာမို့စ်က “ဆာလားဟ်ကို ကျွန်တော်တို့ ကြောက်ရွံ့နေစရာ အကြောင်းမရှိပါဘူး။ သူဟာ ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ဒါကို ကျွန်တော့်ဘက်က အကြွင်းမဲ့လက်ခံပါတယ်။ ရှေ့လာမယ့်နှစ်ရဲ့ဘလွန်းဒီအော်ဆုလျာထားစာရင်းမှာ စီရော်နယ်ဒိုနဲ့အပြိုင်ဖြစ်လာနိုင်သူက ဆာလားဟ်ပါပဲ။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ တစ်ဖက်ကို ကစားသမား ၁၁ ယောက်ချင်း ယှဉ်ကြရမှာပါ။ သူဟာ လီဗာပူးကို ကိုယ်စားပြုမယ့်ကစားသမား ၁၁ ယောက်ထဲက တစ်ယောက်ပါပဲ။ အဲ့ဒါထက်တော့ မပိုပါဘူး”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US