News

POST TAGGED AS

RAFAEL NADAL

စိန့်ပီတာစဘတ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကေဗီတိုဗာ ဗိုလ်စွဲ

စိန့်ပီတာစဘတ်၊ ဖေဖော်ဝါရီ ၅

ချက်တင်းနစ်မယ် ကေဗီတိုဗာသည် ရုရှားနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် စိန့်ပီတာစဘတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ်တင်းနစ်မယ် လာဒီနိုဗစ်ကို အနိုင်ယူ၍ ချန်ပီယံဖြစ်သွားခဲ့ပြီး ယခုဆုဖလားမှာ ကေဗီတိုဗာအတွက် ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးဆွတ်ခူးရယူနိုင်သည့် ဆုဖလားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ကေဗီတိုဗာသည် စိန့်ပီတာစဘတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လာဒီနိုဗစ်ကို ပွဲချိန် ၆၅ မိနစ်ကြာ ယှဉ်ပြိုင်ကစားအပြီးတွင် ၆-၁၊ ၆-၂ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်ပြီး စိန့်ပီတာစဘတ်အိုးပင်းဆုဖလားကို ဆွတ်ခူးရရှိအပြီးတွင် ကေဗီတိုဗာ၏ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၂၁ သို့ မြင့်တက်ရောက်ရှိသွားခဲ့ပြီလည်းဖြစ်သည်။

ဝင်ဘယ်လ်ဒန်ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့ဖူးသော ကေဗီတိုဗာသည် သူမ၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း WTA ပြိုင်ပွဲများတွင် ၂၁ ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခြင်းဖြစ်ကာ လွန်ခဲ့သည့်ဇန်နဝါရီလအတွင်း၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သြစတြေးလျအိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲတွင်မူ ကေဗီတိုဗာက ပထမအဆင့်၌ပင် အရှုံးရလဒ်ဖြင့် ရင်ဆိုင်ကြုံဆုံလိုက်ရသည်။

ကေဗီတိုဗာသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကစ၍ တစ်နှစ်လျှင် အနိမ့်ဆုံးအဖြစ် WTA ဆုဖလားတစ်လုံး ရယူနိုင် သည့်စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပြီး သူမ၏နေအိမ်ကို ကျူးကျော်ဝင်ရောက်သူတစ်ဦး၏ဓားဖြင့် အန္တရာယ်ပြုမှုကြောင့် လက်တွင် ပြတ်ရှဒဏ်ရာအချို့ရရှိခဲ့သည့်ဖြစ်စဉ်အပြီးတွင် ကာလအတန်ကြာ အနားယူလိုက်ရပြီးသည့်နောက်၌ ပြိုင်ပွဲတစ်ရပ်တွင် ကေဗီတိုဗာက ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဗိုလ်စွဲခြင်းဖြစ်သည်။




FOLLOW US