News

22-Apr-2017

NCA ရှမ်းပြည် RCSS
ရှမ်းတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲ ဝေဖန်မှုများ ထွက်ပေါ်
ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လူမျိုးအလိုက် ဆွေးနွေးပွဲ ကျင်းပခြင်းမရှိဘဲ ဒေသအလိုက် ဆွေးနွေးပွဲသာ ကျင်းပမည့်အပေါ် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ယနေ့ (ဧပြီလ ၂၃ ရက်)မှစတင်၍ ရှမ်းပြည်နယ် အစိုးရက ဦးဆောင် ကျင်းပမည်ဖြစ်ပြီး အပစ်ရပ်စာချုပ် (NCA) လက်မှတ် ထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းနိုင်ငံရေးပါတီများက ဦးဆောင် ကျင်းပခွင့်ရမည့် လူမျိုးအလိုက် ဆွေးနွေးပွဲကို ကျင်းပခြင်းကို ခွင့်မပြုသေးခြင်း ဖြစ်သည်။

ယင်းသို့ လူမျိုးအလိုက် ဆွေးနွေးပွဲ စတင် ကျင်းပခြင်းမရှိဘဲ ဒေသအလိုက် ဆွေးနွေးပွဲ စတင် ကျင်းပမှုသည် နည်းလမ်း မှားယွင်းနေသည့် အနေအထားဖြစ်ပြီး ရှမ်းလူထု၏ အသံများ ပါဝင်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ဝေဖန် ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အများအပြားနှင့် နိုင်ငံရေးပါတီပေါင်း နှစ်ဆယ်ကျော်နှင့် လူမျိုးစုပေါင်း များစွာ ရှိသည့် အခြေအနေတွင် လက်ရှိအချိန်ထိ လူမျိုးအလိုက် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရခြင်း မရှိသေးဘဲ ဒေသအလိုက် ဆွေးနွေးပွဲ ပြုလုပ်ခြင်းက ပြည်သူများ၏ အသံများ ပါဝင်မှု နည်းပါးသွားမည်ဖြစ်ကြောင်း ဦးစိုင်းကျော်ညွန့်က သုံးသပ်သည်။

“ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတတ်နိုင်ဆုံး ပါဝင်သွားမှာပါ။ ဒါပေမဲ့ ဘာမှ ကိုယ်စားပြုမှုမပါဘဲ ဟန်ပြပဲဆိုရင်တော့ ဘာမှ မလုပ်တာက အကောင်းဆုံးလို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ကလည်း အဆိုပါ ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ရန် အလားအလာများသော်လည်း လူမျိုးအလိုက် ဆွေးနွေးပွဲ မကျင်းပဘဲ ဒေသအလိုက်ကို စတင် ကျင်းပခြင်းသည် အဆင့်ကျော်သွားသည်ဟု ရှုမြင်ကြောင်း RCSS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် ယင်းဆွေးနွေးပွဲတွင် ပါဝင်မည့် တရားဝင် နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စသည်တို့ကို ချက်ချင်း စုစည်းရန် ခက်ခဲနေပြီး ရှမ်းလူမျိုးတို့၏ သဘောထား ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

NCA ထိုးထားသည့် RCSS/SSA နှင့် ရှမ်းနိုင်ငံရေးပါတီတို့ ဦးဆောင် ကျင်းပခွင့်ရမည့် လူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲကို ပြီးခဲ့သည့် လပိုင်းက RCSS နယ်မြေတွင် ကျင်းပခွင့် ပြုပေးခဲ့သော်လည်း ကျင်းပခွင့်ပေးသည့်နေရာ အခက် အခဲကြောင့် တောင်ကြီး သို့မဟုတ် ပင်လုံမြို့တို့တွင် ကျင်းပခွင့်ပေးရန်RCSS က တောင်းဆိုခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ပအိုဝ်း) ကို ပအိုဝ်း လက်နက်ကိုင် အဖွဲ့များ နိုင်ငံရေးပါတီများနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များကို ဒုတိယအကြိမ်မြောက် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းသွားရမည်ဖြစ်သည်။

J-08



FOLLOW US