22-Dec-2016

TNLA RCSS
နမ္မတူတွင် TNLA နှင့် RCSS/SSA တိုက်ပွဲဖြစ်၊ ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်
သီပေါ၊ ဒီဇင်ဘာ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်လွတ်မြောက်ရေးတပ် (RCSS/SSA) တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ၍ သီပေါနှင့် နမ္မတူမြို့ပေါ်သို့ တိမ်းရှောင်လာကြောင်း သီပေါမြို့ခံများထံမှ သိရသည်။

“ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီလောက်မှာ ၂၂ ဘီး ကားကြီးတွေနဲ့ ရောက်လာကြတာ။ အိမ်ထောင်စု ၂၈၆ စုမှာ လူ ၁၀၄၉ ဦး ပါတယ်” ဟု နေရပ်စွန့်ခွာလာသူများ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ သီပေါမြို့ခံ ဦးစိုင်းသာလှိုင်က ပြောကြားသည်။

လက်ရှိတွင် သီပေါမြို့ ဘော်ကြို ဆုတောင်းပြည့် ဘုရားဝင်းအတွင်း ပန်ခါးကျေးရွာမှ အိမ်ထောင်စု ၉၀၊ လူဦးရေ ၃၆၇ ဦး၊ သီပေါမြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၌ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု မန်ကျန်းကျေးရွာမှ အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၂၂၀ တာပုတ် ဘန်းတော်ကြီးကျောင်း၌ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု ပန်သပြေကျေးရွာမှ အိမ်ထောင်စု ၁၀၄ စု၊ ဦးရေ ၃၂၀ ဦးနှင့် မိုးတေကျေးရွာအုပ်စု မန်ကောင်းကျေးရွာ နှင့် မိုင်းမော်ကျေးရွာ၊ ကုန်းစုံကျေးရွာတို့မှ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၄၂ ဦးတို့ ရောက်ရှိလာကြောင်း ၎င်းက ပြောကြားသည်။

“ဒီဇင်ဘာလ၂၀ ရက်နေ့က ပန်လုံ ဈေးနေ့ဖြစ်တော့ ဈေးက စည်တယ်။ မနက် ၆ နာရီလောက်မှာ ပန်လုံရွာထဲမှာ တိုက်ပွဲတွေဖြစ်၊ ပစ်ကြခတ်ကြတော့ ဈေးထဲမှာ ပြေးကြလွှားကြ ဖြစ်ကြတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် လားရှိုးဒေသခံ ဦးမင်းမင်းက ဖြည့်စွက်ပြောဆိုသည်။

ပန်လုံကျေးရွာသည် သီပေါမြို့၊ နမ့်ဆန်မြို့၊ ကျောက်မဲမြို့နှင့် နမ္မတူမြို့တို့သို့ အလွယ်တကူ သွားလာနိုင်သော လမ်းဆုံလမ်းခွရှိ ကျေးရွာတစ်ခုဖြစ်ပြီး ငါးရက်တစ်ကြိမ် ကျင်းပသော ဈေးနေ့ရှိသော ကျေးရွာဖြစ်ကြောင်း၊ ဒေသထွက် သီးနှံများကို ရောင်းချ၍ ဒေသအတွက် လိုအပ်သော အသား၊ ငါးနှင့်ဆေးဝါး အသုံးအဆောင်များ ဝယ်ယူလေ့ရှိသည့် ဒေသဖြစ်ကြောင်း အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် မူဆယ်ဒေသခံ ဦးပြည့်စုံက ပြောကြားသည်။

နမ္မတူမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသော စစ်ဘေးတိမ်းရှောင်သူ ဦးရေမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညအထိ တစ်ထောင့်ကိုးရာကျော် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ လူမှုကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရသူများကို သွားရောက် ကယ်ဆယ်နေသည်ဟု ဒေသခံ သတင်းသမားများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပြီး TNLA နှင့် RCSS/ SSA တပ်များ နယ်မြေလုရာမှ ပစ်ခတ်တိုက်ခိုက်ရာ ဒေသတစ်ခုဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

သီပေါမြို့ရှိ ကူညီစောင့်ရှောက်ရေး နေရာများသို့ ရောက်ရှိလာသော နေရပ်စွန့်ခွာလာသူ အများစုမှာ ပလောင်တိုင်းရင်းသားများ ဖြစ်ပြီး ရှမ်းတိုင်းရင်းသား အချို့လည်း ပါဝင်ကြောင်း၊ နေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု ၂၈၆ စုမှ လူဦးရေ ၁၀၄၉ ဦးကို သီပေါမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရပ်ကွက် ၁၁ ရပ်ခုမှ ဒေသခံများက ထမင်းထုပ်များ ဝေငှပေးနေပြီး အဝတ်အထည်နှင့် စောင်များ ထောက်ပံ့ပေးထားကြောင်း သီပေါမြို့ခံများထံမှ သိရသည်။      

ဓာတ်ပုံ - နေမျိုး

R-07



FOLLOW US