News

သိန္နီမြို့ပေါ်သို့ စစ်ဘေးရှောင်ဒုက္ခသည် ၁၇၀ ခန့် ရောက်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ 

တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့(TNLA)တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် သိန္နီမြို့ပေါ်ရှိ ကောင်းအိုင်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၄၈ ခုမှ စုစုပေါင်းလူဦး ရေ ၁၇၀ ခန့် ရောက်ရှိနေကြောင်း သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။

“ကွတ်ခိုင်နဲ့ကနီးနေတော့ ရွာနှစ်ရွာက လူတွေလာပြီး စစ်ရှောင်ကြတာပါ။ အများပြောသလို ငါးရာနီးပါးဆိုတာ မဟုတ်ပါဘူး။ လက်ရှိမှာ မြို့နယ်က ရန်ပုံငွေတွေနဲ့ အလှူရှင်အဖွဲ့တွေက လာလှူတာလည်း ရှိပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ဘေးရှောင် ဒုက္ခသည်များကို ကျန်းမာရေးနှင့် ပညာရေးတို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးနေကြောင်းနှင့် လက်ရှိတွင် စားနပ်ရိက္ခာ ဖူလုံမှုရှိကြောင်း သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဆက်လက်ပြောဆိုသည်။

တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့(TNLA)သည် ဆိုက်ခေါင်ကျေးရွာနှင့် တာခိုင်ကြားတွင် ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းတွင် စတင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က ထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် တအာင်း-ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းကလည်း ရှမ်းပြည်နယ် ကျောက်မဲနှင့် နမ့်ဆန်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။



FOLLOW US