News

20-Jan-2018

NCA TNLA RCSS
RCSS နှင့် TNLA သီပေါတွင် တိုက်ပွဲဖြစ်
ရန်ကုန်၊ ဇန်နဝါရီ ၂၀

တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဇန်နဝါရီလ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ကြက်သေရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း RCSS အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

အဆိုပါဒေသသည် ယခင်က TNLA ထိန်းချုပ်ထားသည့်ဒေသဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် RCSS အဖွဲ့က ပြန်လည် ထိန်းချုပ်ထားသည့်နေရာဖြစ်သည်။

“အဲဒီနေရာမှာ ကျွန်တော်တို့ ရှိမယ်ထင်ပြီး လက်နက်ကြီးတွေ ဘာတွေနဲ့ အဝေးကနေ လှမ်းပစ်တယ်။ နောက်ပြီးတော့ သူတို့က တောင်ကုန်းကို တက်ပြီးတော့ လာသိမ်းမယ့်ပုံစံနဲ့ လာတိုက်တယ်”ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် TNLA ၏ လှုပ်ရှားနယ်မြေတစ်ခု ဖြစ်ပြီး ပြီးခဲ့သည့်ဒီဇင်ဘာလက တပ်မတော်နှင့် တိုက်ပွဲများကြောင့် ပြန်လည် ဆုတ်ခွာပေးရလိုက်ရခြင်းဖြစ်ပြီး အဆိုပါနေရာကို RCSS တပ်များက ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA အဖွဲ့ ပြောကြားထားသည်။

တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အစိုးရနှင့် အပစ်ရပ် သဘောတူထားခြင်း မရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး “ဝ”တပ်ဖွဲ့ (UWSA) ဦးဆောင်သည့် နိုင်ငံရေး ဆွေးနွေးမှုကော်မတီ (FPNCC) တွင်လည်း ပါဝင်နေသည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တွင် ပါဝင်သည့်အဖွဲ့ ဖြစ်သည်။

RCSS/SSA အဖွဲ့သည် NCA  စာချုပ်ကို လက်မှတ်ထိုးပြီးနောက်ပိုင်း တွင် ရှမ်းမြောက်သို့ တပ်စခန်းများကို ရွှေ့ပြောင်းနေသည့်အတွက် ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း TNLA အဖွဲ့က ထုတ်ပြန်ထားသည်။

J-08



FOLLOW US