News

POST TAGGED AS

PREMIER LEAGUE

24-Aug-2018

Liverpool Soccer Premier League
မန်စီးတီးအသင်းပိုင်ရှင်၏တစ်ဝမ်းကွဲအစ်ကိုဖြစ်သူ လီဗာပူးကို ၀ယ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့

လီဗာပူး၊ သြဂုတ် ၂၄

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်၏တစ်ဝမ်းကွဲအစ်ကိုဖြစ်သူ ရှိတ်ခါလစ်သည် လီဗာပူးအသင်းကို ကမ္ဘာ့စံချိန်တင်တန်ကြေးတစ်ရပ်ဖြင့် ၀ယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လီဗာပူးအသင်းပိုင်ရှင် FSG စီးပွားရေးလုပ်ငန်းစုက ငြင်းဆန်ပယ်ချလိုက်သည့်အတွက် အောင်မြင်မှုမရခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ရှိတ်ခါလစ်သည် ၂၀၁၇ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းတို့တွင် လီဗာပူးအသင်းပိုင်ရှင် FSG စီးပွားရေးလုပ်ငန်းစု၏အကျိုးဆောင်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ အသင်းကို ၀ယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လီဗာပူးကို ၀ယ်ယူရန် ရှိတ်ခါလစ် ကမ်းလှမ်းခဲ့သော တန်ကြေးပမာဏမှာ ပေါင် နှစ်ဘီလီယံဖြစ်သည်။

ရှိတ်ခါလစ်သည် ရှိတ်မန်ဆော်ကဲ့သို့ပင် ဘောလုံးအသင်းတစ်သင်းဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုလျက်ရှိကာ လီဗာပူးအသင်းကို ၀ယ်ယူရရှိနိုင်ရေးအတွက် ၎င်းပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းစုတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော မစ်ဒ်ဟတ်ကစ်ဒ်ဝေကိုလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့စေလွှတ်၍ လီဗာပူးအသင်းဥက္ကဋ္ဌ တွမ်ဝါနာနှင့် တွေ့ဆုံဆွေးနွေးစေခဲ့သေးသည်။

FSG စီးပွားရေးလုပ်ငန်းစုသည် ၂၀၁၀ ပြည့်နှစ်တွင် လီဗာပူးကို တွမ်ဟစ်ခ်နှင့် ဂျော့ဂျီးလက်တို့ထံမှနေ၍ တန်ကြေးပမာဏ ပေါင်သန်း ၂၈၀ ဖြင့် ၀ယ်ယူရရှိခဲ့ပြီး ၎င်းတို့အနေနှင့် အသင်းထံတွင် ရင်နှီးမြှုပ်နှံမှုများ ဆက်လက် ဆောင်ရွက်သွားရန် စိတ်ပိုင်းဖြတ်ထားခြင်းကြောင့် ရှိတ်ခါလစ်၏ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချပစ်လိုက်ခြင်းဖြစ်သည်ဟု FSG စီးပွားရေးလုပ်ငန်းစု၏တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

ရှိတ်ခါလစ်သည် လီဗာပူးကို ၀ယ်ယူရန် အဆင်မပြေဖြစ်ခဲ့ရအပြီးတွင် အခြားသောအသင်းတစ်သင်းကို ပြောင်းလဲပစ်မှတ်ထား ကမ်းလှမ်းရန် အစီအစဉ်များ ရေးဆွဲနေပြီး မည်သည့်အသင်းကို ၀ယ်ယူရန်သင့်တော်မည်ကို တစ်ဝမ်းကွဲညီဖြစ်သူ ရှိတ်မန်ဆော်ထံမှနေ၍လည်း ၎င်းက အကြံဥာဏ်များ တောင်းခံလျက်ရှိသည်။

လီဗာပူးအသင်းပိုင်ရှင်များသည် အသင်းအနေနှင့် ယမန်နှစ်ဘောလုံးရာသီ၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ထိတိုင် တက်ရောက်နိုင်ခဲ့သည်ကို လွန်စွာ ကျေနပ်အားရဖြစ်နေပြီး နည်းပြ ဂျာဂင်ကလော့ပ်၏ဦးဆောင်မှုအောက်တွင် အသင်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာသည်ကိုလည်း လီဗာပူးအသင်းပိုင်ရှင်များက လွန်စွာ ကျေနပ်အားရဖြစ်နေသည်။




FOLLOW US