News

POST TAGGED AS

POCHETTINO

17-Aug-2018

Soccer Premier League Tottenham Pochettino
မပျော်ရွှင်သော ကစားသမားများကို ဈေးကွက်မပိတ်မီ ရောင်းထုတ်ပေးလိုက်မည်ဟု ပိုချက်တီနို အသိပေး

လန်ဒန်၊ သြဂုတ် ၁၇

စပါးနည်းပြ ပိုချက်တီနိုသည် အသင်းထံတွင် မပျော်မရွှင်ဖြစ်နေသော ကစားသမားများကို လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် အသင်းပြောင်းခွင့်ပေးရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ပြီး ယင်းအတွက် အယ်လ်ဒါဝိုင်ရဲလ်၊ ဒန်နီရို့စ်၊ အန်ကူးဒူးနှင့် ဂျန်းစ်ဆင်စသည့် ကစားသမားများမှာ လာမည့်သီတင်းပတ်များအတွင်း အသင်းပြောင်းခွင့်ကို ရနိုင်ဖွယ်ရှိနေကြပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ပရီးမီးယားလိဂ်၏နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်သည် လွန်ခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ပိတ်သိမ်းပြီးစီးခဲ့သော်လည်း ဥရောပတစ်လွှားရှိ ကစားသမားအပြောင်းအရွှေ့ဈေးကွက်များကမူ လက်ရှိအချိန်တိုင်သည်အထိ ဖွင့်လှစ်ထားဆဲဖြစ်ပြီး ၎င်းအနေနှင့် အသင်းအတွက် ကစားပေးလိုစိတ်မရှိတော့သော ကစားသမားများကို ဖက်တွယ်နေလိုခြင်း မရှိတော့ကြောင်း ပိုချက်တီနိုက မှတ်ချက်ပေးအပ်သွားခဲ့သည်။

စပါးသည် ပိတ်သိမ်းပြီးစီးခဲ့သည့် ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အသင်းအတွက် လူသစ်ခေါ်ယူခြင်း မရှိခဲ့ဘဲ ရှိရင်းစွဲ ကစားသမားအစုအဖွဲ့ကို ထိန်းသိမ်း၍သာ ဘောလုံးရာသီကို အစပြုခဲ့ပြီး ၎င်းအနေနှင့် လက်လွှတ်ရမည့်ကစားသမားများ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် လာမည့်ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်ထိတိုင် ကစားသမားသစ်ခေါ်ယူနိုင်တော့မည်မဟုတ်သော်လည်း စိုးရိမ်ပူပန်ခြင်း အလျဉ်းအဖြစ်မိကြောင်းလည်း ပိုချက်တီနိုက ဆက်လက်ပြောကြာထားသည်။

ပိုချက်တီနိုသည် အသင်းထံတွင် မပျော်ရွှင်တော့သော ကစားသမားများကို ၎င်းအနေနှင့် လက်လွှတ်ရောင်းထုတ်ပေးတော့မည်မှာ မှန်သော်လည်း ယင်းကစားသမားများကို ခေါ်ယူလိုသော အသင်းများဘက်ကမူ ထိုက်တန်သောပြောင်းရွှေ့ကြေးတစ်ရပ်ပေးရန် လိုအပ်လိမ့်မည်ဟု သတိပေးထားပြီး ဈေးနှိမ်ကမ်းလှမ်းမှုများကိုမူ လက်ခံပေးသွားမည်မဟုတ်ကြောင်းလည်း ပိုချက်တီနိုက ပြောကြားထားသေးသည်။

ဒန်နီရို့စ်နှင့် အယ်လ်ဒါဝိုင်ရဲလ်တို့သည် နည်းပြ ပိုချက်တီနိုလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် မသေချာတော့သည့်အတွက် အသင်းပြောင်းခွင့်ရလိုကြောင်း အတိအလင်း တောင်းဆိုထားပြီးဖြစ်ကာ ဒန်နီရို့စ်ကို ခေါ်ယူရန်အတွက် ရှော်ကေးကလည်းကောင်း၊ အယ်လ်ဒါဝိုင်ရဲလ်ကိုခေါ်ယူရန်အတွက် ဘိုင်ယန်မြူးနစ်ကလည်းကောင်း ချဉ်းကပ်မှုများရှိနေသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဒန်နီရို့စ်နှင့် အယ်လ်ဒါဝိုင်ရဲလ်တို့ကိုခေါ်ယူနိုင်ရန် အလွန်အမင်း စိတ်ဝင်စားခဲ့ဖူးသော်လည်း အသင်းဒါရိုက်တာဘုတ်အဖွဲ့ဘက်က ယင်းကစားသမားများကိုခေါ်ယူရန် အပြောင်းအရွှေ့အသုံးစရိတ် အလုံအလောက်ထုတ်ပေးခဲ့ခြင်း မရှိသဖြင့် မော်ရင်ညိုမှာ အဆုံးသတ်တွင် လက်လျှော့လိုက်ရခြင်းဖြစ်သည်။




FOLLOW US