News

POST TAGGED AS

PLAYER OF THE YEAR

အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို လေးပွဲပယ်ပြစ်ဒဏ် ချမှတ်

မက်ဒရစ်၊ မေ ၅

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီကို ပွဲကြီးကြပ်ခွင့် လေးပွဲပိတ်ပင်သည့်ပြစ်ဒဏ်တစ်ရပ် ချမှတ်လိုက်ပြီဖြစ်ပြီး ယင်းအတွက် မာဆေးအသင်းနှင့်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အက်သလက်တီကိုကို ဆီမြွန်နီက ကွင်းနံဘေးမှနေ၍ ညွှန်ကြားချက်များ ပေးအပ်နိုင်တော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆီမြွန်နီသည် အာဆင်နယ်နှင့် အက်သလက်တီကိုတို့ တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီသရေကျခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ၎င်း၏နောက်ခံကစားသမား ဗာဆယ်လ်လစ်ဂ်ျကို နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံလိုက်ရသည့်ဖြစ်စဉ်အတွက် ကွင်းလယ်ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့ခြင်းကြောင့် ပွဲကြည့်စင်ထက်သို့ မောင်းထုတ်ခြင်းခံခဲ့ရပြီး ယင်းဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်အပြီးတွင် ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆီမြွန်နီကို လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဆီမြွန်နီသည် အက်သလက်တီကိုက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲကြီးကြပ်ခွင့်ပိတ်ပင်ပြစ်ဒဏ်ကို စတင်ကျခံခဲ့ရပြီး ဗိုလ်လုပွဲတွင် ကွင်းနံဘေး၌ ၎င်းရှိမနေသည့်တိုင် အသင်းအနေနှင့် အကောင်းဆုံးအစွမ်းပြကစားနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီးဖြစ်ကြောင်း ဆီမြွန်နီက ပြောကြားထားသည်။

ဆီမြွန်နီသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် အက်သလက်တီကိုအသင်း ချန်ပီယံဖြစ်ခဲ့ပါက ဥရောပဆူပါဖလားပွဲကို ပွဲကြီးကြပ်ခွင့် ထပ်မံဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဗိုလ်လုပွဲတွင် အက်သလက်တီကိုအသင်း ရှုံးနိမ့်ခဲ့ပါကမူ ဆီမြွန်နီမှာ ယခုပွဲပယ်ပြစ်ဒဏ်ကို လာမည့်ဘောလုံးရာသီ၏ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲတွင် ကျခံသွားရလိမ့်မည်ဖြစ်သည်။

အက်သလက်တီကိုသည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၌ နည်းပြဆီမြွန်နီ၏ဦးဆောင်မှုဖြင့်ပင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့ဖူးပြီး ယင်း ၂၀၁၂ ခုနှစ်၌ အက်သလက်တီကိုက စပိန်လာလီဂါပြိုင်ဘက် ဘီလ်ဘာအိုကို အနိုင်ယူ၍ ယူရိုပါလိဂ်ပြိုင်ပွဲ၌ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။




FOLLOW US