News

18-May-2018

Soccer World Cup Brazil France Platini
၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် ပြင်သစ်နှင့် ဘရာဇီးတို့ တွေ့ဆုံနိုင်စေရန် ပွဲလမ်းကြောင်းကို စနစ်တကျဖြင့် ကြိုတင်စီစဉ် ရေးဆွဲထားခဲ့ခြင်းဟု ပလာတီနီ ၀န်ခံ

ပဲရစ်၊ မေ ၁၈

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဥက္ကဋ္ဌဟောင်း ပလာတီနီသည် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် အိမ်ရှင်ပြင်သစ်နှင့် လက်ရှိချန်ပီယံဘရာဇီးတို့ ထိပ်တိုက်တွေ့စေရန်အတွက် ပွဲစဉ်လမ်းကြောင်းကို စနစ်တကျရေးဆွဲထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

 ပလာတီနီသည် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်လမ်းကြောင်း ရေးဆွဲရာတွင် တာဝန်ရှိသူများဘက် စီစဉ်ထားခဲ့သည့်အတိုင်း အသင်းနှစ်သင်းလုံးက ကစားနိုင်ခဲ့သည့်အတွက် အဆုံးသတ်တွင် ပြင်သစ်နှင့် ဘရာဇီးအားပြိုင်သော ဗိုလ်လုပွဲကို ပရိသတ်များ ကြည့်ရှုခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး ယင်းသို့သော ဗိုလ်လုပွဲမျိုးကို ပရိသတ်များ မြင်တွေ့ချင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်သည့်အတွက် ပွဲလမ်းကြောင်းရေးဆွဲရာတွင် လှည့်စားမှုအချို့ လုပ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ပလာတီနီက ဆက်လက် ရှင်းပြသွားခဲ့သည်။ 

“ပြင်သစ်နဲ့ ဘရာဇီးတို့ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နိုင်မယ့် ပွဲလမ်းကြောင်းတစ်ခုကို ကျွန်တော်တို့တာဝန်ရှိသူတွေ အသည်းအသန် စဉ်းစားခဲ့ကြပါတယ်။ ကြားအဆင့်တွေမှာ သူတို့နှစ်သင်း ထိပ်တိုက်မတွေ့ရလေအောင် ပွဲလမ်းကြောင်းကို စီစဉ်ခဲ့တာပါ။ အသင်းနှစ်သင်းဘက်ကလည်း တာဝန်ကျေခဲ့ပါတယ်။ သူတို့နှစ်သင်းဟာ အုပ်စုဗိုလ်တွေအဖြစ်နဲ့ နောက်တစ်ဆင့်ရောက်ခဲ့ရင် ကြားအဆင့်တွေမှာ လုံးဝမတွေ့ဖို့အတွက် ကျွန်တော်တို့ စီစဉ်ပေးထားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း နှစ်သင်းလုံးက အုပ်စုဗိုလ်ဖြစ်အောင် ကစားနိုင်ခဲ့ကြတော့ အဆုံးသတ်မှာ ကျွန်တော်တို့အလိုရှိတဲ့ ပြင်သစ်နဲ့ ဘရာဇီးရဲ့ဗိုလ်လုပွဲဆိုတာ အကောင်အထည် ပေါ်လာတော့တာပါပဲ”ဟု ပလာတီနီက ပြောကြားသွားခဲ့သည်။

ယခုကဲ့သို့ ပလာတီနီက ထုတ်ဖော်ဝန်ခံလိုက်သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လုပ်ပွဲဖန်တီးမှုများ ရှိခဲ့နိုင်ကြောင်း သုံးသပ်ချက်များလည်း ဆက်စပ်ထွက်ပေါ်လာခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်နှင့် ဘရာဇီးတို့ ကစားခဲ့သည့်ပွဲစဉ်များအားလုံးကို စစ်ဆေးသင့်ကြောင်း အချို့က တိုက်တွန်းနေကြပြီဖြစ်သည်။




FOLLOW US