News

ပေါ့ဂ်ဘာကို ဘာစီလိုနာကစားသမားအဖြစ် မြင်တွေ့ခွင့်ရလိုကြောင်း ပီကေး ဖွင့်ဟ

ဘာစီလိုနာ၊ သြဂုတ် ၂၈

ဘာစီလိုနာနောက်ခံလူ ပီကေးသည် ၎င်းအနေနှင့် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဘာစီလိုနာကစားသမားအဖြစ် မြင်တွေ့ခွင့်ရလိုကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး ဘာစီလိုနာအသင်းမှာ ပေါ့ဂ်ဘာအတွက် တံခါးဖွင့်ထားသောနေရာတစ်ခုဖြစ်သည်ဆိုခြင်းကို ပေါ့ဂ်ဘာနားလည်စေလိုကြောင်း ပီကေးက ဆက်လက်အသိပေးသွားခဲ့သည်ဟု Marca က ဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် ပေါ့ဂ်ဘာကိုခေါ်ယူရန်အတွင် ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာထံကတစ်ဆင့် ကမ်းလှမ်းဆက်သွယ်ထားပြီး မန်ယူအသင်းတာဝန်ရှိသူများကမူ ပေါ့ဂ်ဘာကို ရောင်းထုတ်ရန် အစီအစဉ် မရှိသေးကြောင်း ငြင်းဆန်ပယ်ချထားဆဲဖြစ်သည်။

ပီကေးသည် ပေါ့ဂ်ဘာကို မန်ယူထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းပါက ယခုထက်ပိုမိုသည့် အကျပ်အတည်းများကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးစကားဆိုထားပြီး နည်းပြ မော်ရင်ညိုနှင့် ဆက်ဆံရေး မပြေလည်သည့်အချက်ကလည်း ပေါ့ဂ်ဘာအပေါ် ရိုက်ခတ်မှုများရှိလာနိုင်သည်ဟု ပီကေးက ထောက်ပြသွားခဲ့သေးသည်။

=ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမျူသည် လက်ရှိနွေဈေးကွက်အတွင်း၌ ပေါ့ဂ်ဘာကိုခေါ်ယူရန် အဆင်မပြေခဲ့ပါက လာမည့် ၂၀၁၉ ခုနှစ် နွေဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်တွင် တစ်ကျော့ပြန်လည် ကြိုးပမ်းသွားမည်ဟု အတိအလင်း အသိပေးထားပြီး အေးဂျင့် ရိုင်အိုလာက မန်ယူမှာ ပေါ့ဂ်ဘာကို ဘာစီလိုနာထံသို့ လက်မလွှတ်လိုဘဲ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက လုပ်ခလစာအကျိုးခံစားခွင့်ကို တိုးမြှင့်ပေးချေရန် လိုလိမ့်မည်ဟု ပြောကြားထားသည်။




FOLLOW US