News

07-Jul-2018

Soccer PSG Ligue Buffon
ဘူဖွန်ကို အသင်းကစားသမားအဖြစ် ပီအက်စ်ဂျီ တရားဝင်မိတ်ဆက်

ပဲရစ်၊ ဇူလိုင် ၇

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဝါရင့်ဂိုးသမားကြီးဘူဖွန်ကို တစ်နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူကာ အသင်းကစားသမားအဖြစ် တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘူဖွန်သည် ၁၇ နှစ်ကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့သော ဂျူဗင်တပ်နှင့် လမ်းခွဲလိုက်အပြီးတွင် ပီအက်စ်ဂျီ၏ကမ်းလှမ်းမှုများကို လက်ခံကာ အသင်းပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး ဘူဖွန်၏ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်များကို နှစ်ခြိုက်သဘောကျပါက စာချုပ်သက်တမ်းကို အသင်းဘက်က အလိုအလျောက် သက်တမ်းတစ်နှစ် ထပ်တိုးနိုင်စေရန်လည်း ပီအက်စ်ဂျီက သဘောတူညီမှု ရယူထားသည်။

ဘူဖွန်သည် ပီအက်စ်ဂျီမှာ ရည်မှန်းချက်ကြီးမား၍ အောင်မြင်မှုများကို ဆာလောင်နေသောအသင်းဖြစ်သည့်အတွက် ကမ်းလှမ်းမှုများကို လက်ခံလိုက်ခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့ကာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဆွတ်ခူးရယူနိုင်ခြင်း မရှိသေးသော ချန်ပီယံလိဂ်ဆုတံဆိပ်ကို ပီအက်စ်ဂျီနှင့်အတူ ရယူလိုကြောင်းလည်း ဘူဖွန်က ဆက်လက် အသိပေးသွားခဲ့သေးသည်။

ပီအက်စ်ဂျီထံသို့ ဘူဖွန်ပြောင်းရွှေ့ရောက်ရှိလာခြင်းသည် အသင်းထံတွင်ရှိနှင့်ပြီးသော ဂိုးသမားများဖြစ်သည့် ကီဗင်ထရပ်နှင့် အေရီအိုလာတို့အတွက် ဖိအားများရှိသွားစေခဲ့ပြီဖြစ်ပြီး ယင်းဂိုးသမားနှစ်ဦးမှာ ၎င်းတို့၏ပွဲထွက်ခွင့်များ အကန့်အသတ်ရှိသွားတော့မည်ဖြစ်၍ ပီအက်စ်ဂျီကို စွန့်ခွာရန် စဉ်းစားမှုများရှိနေပြီဖြစ်သည်။




FOLLOW US