News

19-Jun-2018

Soccer La Liga Real Madrid C Ronaldo PSG
စီရော်နယ်ဒိုကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၆၅ သန်း၊ တစ်နှစ်လုပ်ခ ပေါင်သန်း ၄၀ ပေးချေခေါ်ယူရန် ပီအက်စ်ဂျီ စီစဉ်

ပဲရစ်၊ ဇွန် ၁၉

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာဖွယ် ရှိနေပြီဖြစ်သည့် တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကာ စီရော်နယ်ဒိုအတွက် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၆၅ သန်း၊ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၄၀ အသုံးပြုရန် ပြင်ဆင်ထားကြောင်း Daily Star က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် စီရော်နယ်ဒိုကို လုပ်ခလစာတိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းထားသော်လည်း အသင်းဘက်က ပေးချေရန် စီစဉ်ထားသော တစ်နှစ်လုပ်ခ ပေါင် ၂၈ သန်းမှာ အဓိကပြိုင်ဘက်များဖြစ်သော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ထက် နည်းပါးနေသည့်အတွက် စီရော်နယ်ဒိုက လက်မခံနိုင်ဖြစ်နေသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိတွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူလိုလျက်ရှိပြီး နေမာကို ခေါ်ယူရရှိမည်ဆိုပါက စီရော်နယ်ဒိုကို ပြန်လည်ရောင်းထုတ်ရေးအား ပီရက်ဇ်က စဉ်းစားသွားဖွယ်ရှိနေပြီဖြစ်သည်။

နေမာသည် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ၎င်း၏အနာဂတ်နှင့်စပ်လျဉ်း၍ အရေးပါသောဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်သွားဖွယ်ရှိနေပြီဖြစ်ပြီး ပီအက်စ်ဂျီအသင်းနှင့် ပြင်သစ်လီဂူးပြိုင်ပွဲ၏အဆင့်အတန်းမှာ ၎င်းမျှော်မှန်းထားသကဲ့သို့ ထိပ်တန်းအဆင့်တွင် ရှိမနေခြင်းကြောင့် အသင်းပြောင်းရွှေ့ကစားသည့်အခြေအနေမျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု နေမာက ဖွင့်ဟ၀န်ခံထားပြီးဖြစ်သည်။




FOLLOW US