News

15-Jun-2018

Soccer Barcelona Neymar PSG Ligue
ဘာစီလိုနာထံသို့ ပြန်လည်ပြောင်းရွှေခွင့်ရနိုင်ရန် နေမာ အလိုရှိ

မက်ဒရစ်၊ ဇွန် ၁၅

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်း၏အသင်းဟောင်း ဘာစီလိုနာထံသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရနိုင်ရန် ဆန္ဒရှိနေပြီး ၎င်းကို ပြန်လည်ခေါ်ယူပေးပါရန် ဘာစီလိုနာအသင်းတာဝန်ရှိသူများထံ နေမာက ဆက်သွယ်တောင်းဆိုမှုများရှိနေပြီဖြစ်ကြောင်း El Mundo Deportivo က ဖော်ပြထားသည်။

နေမာသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘာစီလိုနာမှနေ၍ ပီအက်စ်ဂျီထံသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၉၈ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ၎င်းမျှော်မှန်းထားသကဲ့သို့ ပီအက်စ်ဂျီနှင့်အတူ ထိပ်တန်းအဆင့်အောင်မြင်မှုများကို ရယူနိုင်ရေးမှာ ဖြစ်နိုင်ခြေအခွင့်အလမ်း နည်းပါးလာသည့်အတွက် နေမာက အသင်းပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိလာခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် နေမာကို ခေါ်ယူလိုလျက်ရှိပြီး နေမာကို ရရှိမည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၇၀ ၀န်းကျင် အသုံးပြုလိုက်ရန်အထိ ပီရက်ဇ်က ရည်မှန်းထားလျက်ရှိသည်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူသည် အစောပိုင်း၌ အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူရန် စီစဉ်ထားခဲ့သော်လည်း လက်ရှိတွင် ဂရစ်ဇ်မန်းက အသင်းပြောင်းမည်မဟုတ်ဘဲ အက်သလက်တီကိုထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းမည်ဟု ဆုံးဖြတ်လိုက်သည့်အတွက် အခြားသော ထိပ်တန်းပစ်မှတ်တစ်ခုကို ဘာတိုမြူက ပြောင်းလဲရှာဖွေနေရပြီဖြစ်သည်။

နေမာသည် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ၎င်း၏အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိနေပြီး ဘာစီလိုနာကစားသမားများကမူ ၎င်းတို့၏အသင်းဖော်ဟောင်း နေမာကို ရီးရဲလ်မက်ဒရစ်အသင်းသားအဖြစ် မတွေ့မမြင်လိုကြောင်း၊ အခွင့်ရမည်ဆိုပါက အသင်းထံသို့ ပြန်လည်ခေါ်ယူရန်သာ ကြိုးပမ်းစေလိုကြောင်း အသင်းတာဝန်ရှိသူများကို တိုက်တွန်းထားသည်။




FOLLOW US