News

ဘာစီလိုနာသို့ ပြောင်းရန်ထက် မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန်ကိုသာ အိုဇေးလ် လိုလား

လန်ဒန်၊ ဒီဇင်ဘာ ၁၄

အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ကို စွန့်ခွာ၍ အသင်းပြောင်းဖြစ်ခဲ့ပါက ဘာစီလိုနာထက် မန်ယူထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန်ကိုသာ ပိုမိုလိုလားလျက်ရှိကြောင်း Sportmail က ဖော်ပြထားသည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် လက်ရှိဒီဇင်ဘာလအတွင်း၌ စာချုပ်သစ် ချုပ်ဆိုရေးကိစ္စကို အိုဇေးလ်နှင့် နောက်ဆုံးတစ်ကြိမ် ဆွေးနွေးရန် စီစဉ်ထားပြီး ယခုတစ်ကြိမ်ကမ်းလှမ်းမှုကို အိုဇေးလ်ဘက်က လက်မခံခဲ့ပါက ၎င်းကို ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ရောင်းထုတ်လိုက်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက စိတ်ပိုင်းဖြတ်ထားပြီဖြစ်သည်။

ဘာစီလိုနာအသင်းသည် ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် အိုဇေးလ်ကို ခေါ်ယူရန် ကစားသမားဖြစ်သူ၏အေးဂျင့်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်းဝန်းကျင် ရရှိနိုင်မည်ဆိုပါက အိုဇေးလ်ကို လက်လွှတ်ပေးလိုက်ဖွယ် အခြေအနေများ ရှိနေပြီဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ အိုဇေးလ်သည် မန်ယူထံတွင် ၎င်း၏ဆရာဟောင်းဖြစ်သူ မော်ရင်ညိုရှိနေခြင်းကြောင့် ဘာစီလိုနာသို့ မပြောင်းရွှေ့ဘဲ မန်ယူထံသို့သာ ပြောင်းရွှေ့လိုနေခြင်းဖြစ်ပြီး အိုဇေးလ်၏အေးဂျင့်ကလည်း ၎င်း၏ကစားသမားဖြစ်သူမှာ အခြားသောလိဂ်များသို့ ပြောင်းရွှေ့ရေးထက် ပရီးမီးယားလိဂ်တွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းခွင့်ရနိုင်ရေးကိုသာ ပိုမို စိတ်အားထက်သန်နေကြောင်း ဖွင့်ဟပြောကြားထားသည်။




FOLLOW US