News

POST TAGGED AS

NAINGGOLAN

လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရခြင်းအတွက် နိုင်ဂိုလန် ဒေါသပေါက်ကွဲ၊ နည်းစနစ်အရ ချန်လှပ်ထားခဲ့ခြင်းဟု နည်းပြ မာတီနက်ဇ် ရှင်းလင်း

ဘရပ်ဆဲလ်၊ မေ ၂၁

ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ပမာဏလူစာရင်းထုတ်ပြန်ရာတွင် ၎င်းကို နည်းပြ မာတီနက်ဇ်က ချန်လှပ်ဖယ်ထုတ်ခဲ့သည့်အတွက် လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း BBC က ဖော်ပြထားသည်။

နိုင်ဂိုလန်သည် လက်ရှိဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ဆီမီးဖိုင်နယ်အဆင့်သို့ ရိုးမားအသင်း တက်လှမ်းနိုင်ခဲ့ရာတွင် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိထုတ်ပြန်လိုက်သော ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ပမာဏလူစာရင်းတွင် ကစားသမားအရေအတွက် ၂၈ ဦး ပါဝင်လျက်ရှိသည်။

ဝီဂန်နှင့် အဲဗာတန်အသင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့သည့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်သည် ပဏာမ ၂၈ ဦးလူစာရင်းတွင် ပရီးမီးယားလိဂ်ကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းနေသည့် ကစားသမားအရေအတွက် ၁၅ ဦးအထိ ထည့်သွင်းထားပြီး နိုင်ဂိုလန်ကို ချန်လှပ်ထားခဲ့ရသည်မှာ နည်းစနစ်ပိုင်းဆိုင်ရာအရ အဆင်မပြေနိုင်၍ဖြစ်သည်ဟု မာတီနက်ဇ်က ရှင်းပြသွားခဲ့သည်။

နည်းပြ မာတီနက်ဇ်သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏အပြီးသတ် ၂၃ ဦး လူစာရင်းကို လာမည့်ဇွန်လ ၄ ရက်နေ့သို့ ရောက်မှသာ ဆက်လက် ထုတ်ပြန်သွားတော့မည်ဖြစ်ပြီး ၎င်းအနေနှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် အမြဲတစေ အကောင်းဆုံးပေးဆပ်ကစားခဲ့သော်လည်း ယခုကဲ့သို့ မျက်ကွယ်ပြုခြင်းခံရသည့်အတွက် လွန်စွာ နာကျင်ခံစားရပါကြောင်းလည်း နိုင်ဂိုလန်က ပြောကြားသွားခဲ့သေးသည်။

နိုင်ဂိုလန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့်ကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ၎င်း၏လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ပစ်လိုက်ရန် အလေးအနက်ထား စဉ်းစားနေပြီဖြစ်ပြီး ဘယ်လ်ဂျီယံဘောလုံးပရိသတ်များကလည်း နိုင်ဂိုလန်မှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရရန် ထိုက်တန်သောခြေစွမ်းတစ်ရပ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ထောက်ခံပြောဆိုနေကြသည်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ပမာဏ ၂၈ ဦး လူစာရင်း

ဂိုး - ကော်တွာ(ချယ်လ်ဆီး)၊ မစ်ဂ်နိုလက်(လီဗာပူး)၊ မတ်ဇ်ဆဲလ်စ်(နယူးကာဆယ်)၊ ကတ်စ်တီးလ်စ်(ဝုဖ်ဘတ်)

နောက်တန်း - အဲလ်ဒါဝိုင်ရဲလ်(စပါး)၊ ဘိုယာတာ(ဆဲလ်တစ်)၊ ဆီန်(လော့စ်အိန်ဂျလိစ်အက်ဖ်စီ)၊ ကာဘာဆီလီ(၀က်ဖို့ဒ်)၊ ကွန်ပနီ(မန်စီးတီး)၊ ဂျော်ဒန် လုကာကု(လာဇီယို)၊ မူနီယာ(ပီအက်စ်ဂျီ)၊ ဗာမေလန်(ဘာစီလိုနာ)၊ ဗာတွန်ဂန်(စပါး)

ကွင်းလယ် - ကာရတ်စ်ကို(ဒါလီယန် ယီဖန်း)၊ ဒီဘရိုင်နေး(မန်စီးတီး)၊ ဒမ်ဘီလီ(စပါး)၊ ဒင်ဒွန့်ကာ(အန်ဒါလက်ခ်ျ)၊ ဖယ်လိုင်နီ(မန်ယူ)၊ ဟားဇတ်(ချယ်လ်ဆီး)၊ သော်ဂန်ဟားဇတ်(မိုချင်ဂလက်ဘတ်)၊ ယာနူဇတ်ဂ်ျ(ဆိုစီဒက်)၊ မာတင်းစ်(နာပိုလီ)၊ တိုင်လီမန်းစ်(မိုနာကို)၊ ၀စ်ဆဲလ်(တီယန်ကျင်းကွမ်ဂျီယန်)

တိုက်စစ် - ဘတ်ရွှာယီ(ချယ်လ်ဆီး)၊ ဘန်တီကီ(ခရစ္စတယ်ပဲလေ့စ်)၊ ချတ်ဒလီ(၀က်စ်ဘရွန်း)၊ လုကာကု(မန်ယူ)




FOLLOW US