News

ရသေ့တောင် လစ်လပ်မဲဆန္ဒနယ်မြေတွင် ANP နဲ့ NLD ဝင်ပြိုင်မည်
စစ်တွေ၊ မေ ၉ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လစ်လပ်နေသော မဲဆန္ဒနယ်မြေတွင် ရခိုင်အမျိုးသားပါတီ (ANP) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) တို့ ဝင်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီများထံမှသိရသည်။ 

တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၃ ခု လစ်လပ်နေသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၈ ရက်က ထုတ်ပြန်သည်။ 

ရွေးကောက်ပွဲ လစ်လပ်နယ်မြေတွင် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) လည်း ပါဝင်သဖြင့် ရခိုင်အမျိုးသားပါတီ (ANP) အနေနှင့် ဝင်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းကို မဆုံးဖြတ်ရသေးကြောင်း၊ ပါတီအနေနှင့် မြို့နယ်များသို့ သွားရောက်ကာ လူထုတွေ့ဆုံပွဲများ လုပ်ဆောင်နေကြောင်း ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အလားတူ ရသေ့တောင်ရှိ လစ်လပ် မဲဆန္ဒနယ်နေရာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီဗဟိုညီလာခံတွင် ကိုယ်စားလှယ်လောင်းအမည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း NLD မှ စစ်တွေ ခရိုင်ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ဆိုသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီက ရခိုင်ပြည်နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့တို့တွင် အနိုင်ရရှိခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်တွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့က ကြားဖြတ်ရွေးကောက်ပွဲ ဝင်မဝင်ကို လတ်တလော မဆုံးဖြတ်ရသေးကြောင်း ယင်းပါတီများထံမှ သိရသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ကြားဖြတ် ဝင်ပြိုင်မပြိုင်ကို ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ပြီးမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

လစ်လပ်နေသော မဲဆန္ဒနယ်မှာ ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးမင်းအနိုင်ရခဲ့ပြီး ၎င်းမှာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း ကွယ်လွန်သွားသဖြင့် လစ်လပ်ခဲ့ခြင်းဖြစ်သည်။ 

R-22



FOLLOW US